ဆိုက်ဘာ ရာဇဝတ်မှုတွေနဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို တိုက်ဖျက်မယ့် အမျိုးသား ဆိုက်ဘာ မဟာဗျူဟာ အသစ်နဲ့ အထူးအမိန့်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။
မတ်လ ၆ ရက်နေ့မှာ ထရမ့်ဟာ အဲဒီ မဟာဗျူဟာသစ်ကို ကြေညာခဲ့ပြီး အမေရိကန် နိုင်ငံသားတွေနဲ့ အမေရိကန် လုပ်ငန်းတွေကို ပစ်မှတ်ထားနေတဲ့ ငွေညှစ်မှု၊ ငွေလိမ်မှု၊ အမြတ်ထုတ်မှုတွေကို တိုက်ဖျက်မယ့် အထူးအမိန့်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီ မဟာဗျူဟာကို သမ္မတထရမ့်ရဲ့ အမေရိက ဆိုက်ဘာမဟာဗျူဟာလို့ နာမည်ပေးထားပြီး အဓိက မူဝါဒ ၆ ရပ်ကို အခြေပြုထားပါတယ်။ အမေရိကန် အစိုးရဟာ ဆိုက်ဘာ စစ်ဆင်ရေး မစ်ရှင်တွေကို ခံစစ်အသွင်ရော၊ ထိုးစစ်ပုံစံနဲ့ပါ ခင်းကျင်း ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စနစ်ထဲကို နိုင်ငံခြား ဟက်ကာတွေက ထိုးဖောက် ဝင်မလာနိုင်ခင် ကတည်းက အဲဒီ ဆိုက်ဘာ ရာဇဝတ်သားတွေကို တန်ပြန်နှောင့်ယှက်တာမျိုး နည်းလမ်းတွေကို ကျင့်သုံးစေမှာပါ။
ထရမ့်က လက်မှတ်ရေးထိုးခဲ့တဲ့ မဟာဗျူဟာတွေထဲမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို မလျော်မကန် အသုံးချမှုတွေကနေ တားဆီးဖို့အတွက် ထူးခြားဆန်းသစ်တဲ့ AI လုံခြုံရေး အစီအမံတွေကိုလည်း အားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ AIဟာ နိုင်ငံတကာ တည်ငြိမ်ရေး အစီအမံတွေမှာ အထောက်အကူဖြစ်ဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement
ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာနဲ့အတူ တစ်ပါတည်း လက်မှတ်ရေးထိုးခဲ့တဲ့ အထူးအမိန့်မှာတော့ အမေရိကန် အစိုးရ အေဂျင်စီတွေ အနေနဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေက ထိန်းချုပ်ထားတဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှုနဲ့ ကျားဖြန့် လုပ်ငန်းတွေကို တန်ပြန် တိုက်ခိုက်ဖို့ အမေရိကန် အစိုးရ အေဂျင်စီတွေ အနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်သုံးသပ်ဖို့၊ ပိုမိုတင်းကျပ်ဖို့လည်း ညွှန်ကြားထားပါတယ်။
အဲဒီ အမိန့်မှာတော့ အမေရိကန် ရှေ့နေချုပ်ဟာ ဆိုက်ဘာအခြေပြု ငွေလိမ်မှုနဲ့ အမြတ်ထုတ်မှုတွေကို တားဆီးတိုက်ဖျက်ရေးအပေါ် ဦးစားပေးအဆင့် ကိုင်တွယ်ရမယ်လို့ ပါရှိခဲ့ပါတယ်။ နောက်ပြီး အဲဒီ ဂိုဏ်းတွေဆီကနေ ပြန်လည် သိမ်းဆည်းရရှိထားတဲ့ ငွေကြေးတွေကို နစ်နာသူတွေဆီ ဘယ်လိုဘယ်ပုံ ပြန်လည် ပေးအပ်မလဲ ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။
အထူးအမိန့် အသစ်မှာတော့ ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေကို လက်ခံပေးထားတဲ့ အိမ်ရှင်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ၊ ဗီဇာ ကန့်သတ်မှုတွေ၊ နိုင်ငံတကာ အထောက်အပံ့ ကန့်သတ်တာတွေကို အရေးယူ ကျင့်သုံးဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။
ပြီးတော့ အဲဒီ ရာဇဝတ် လုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူတာ၊ ထိန်းချုပ်တာ၊ ကျားဖြန့်ဂိုဏ်းတွေဆီက ပြန်လည် ရယူထားတဲ့ ငွေကြေးတွေကို နစ်နာသူတွေဆီ ပြန်လွှဲပြောင်းပေးတာ၊ ဆိုက်ဘာ အခြေပြု ကျားဖြန့် လုပ်ငန်းတွေကို လက်ဦးမှုယူ ရှာဖွေဖော်ထုတ်ပြီး ဖိနှိပ်တားဆီးတာတွေလည်း ပါဝင်ပါတယ်။
အမေရိကန်ဟာ မနှစ်တုန်းက အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ချေမှုန်းဖို့ အထူးယူနစ်တစ်ခု ထူထောင်ခဲ့ပြီး အဲဒီလိုမျိုး ကနဦးအဆင့် လုပ်ငန်းစဉ်တွေကို အခြေခံပြီး အစီအမံသစ်တွေကို ရေးဆွဲထားတာပါ။
အမေရိကန်ရဲ့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး အစီအမံတွေမှာတော့ အဲဒီ လုပ်ငန်းတွေမှာ အစိုးရ အရာရှိတွေ၊ သံတမန် အရာရှိတွေ ရှုပ်ထွေး ပါဝင်နေသလား ဆိုတာကိုပါ ခြေရာခံ ဖော်ထုတ်ပြီး ပြစ်မှုထင်ရှားရင် နယ်နှင်တာ အပါအဝင် သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း ပါရှိလာပါတယ်။
နိုင်ငံတကာ ဆိုက်ဘာ လုံခြုံရေး ပညာရှင်တွေကတော့ ဆိုက်ဘာ ရာဇဝတ်မှုတွေဟာ AI အပါအဝင် ပိုပြီး ခေတ်မီ ဆန်းသစ်တဲ့ နည်းလမ်းတွေကို အသုံးပြုလာနေကြောင်း ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်ဟာ ဆိုက်ဘာ ရာဇဝတ် ဂိုဏ်းတွေကြောင့် ဒေါ်လာ ၁၆.၆ ဘီလီယံလောက် ဆုံးရှုံးမှုတွေ ကြုံခဲ့ကြောင်း ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)က ထုတ်ပြန်ထားပါတယ်။
ကိုးကား: Cyber News
ဓာတ်ပုံ – Getty Images

















































