close
Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မှာ စစ်တပ်က ပြည်သူ ၅ ဦးနဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်း၊ ကိုးပင်သာဂရအတွင်းပိုင်းကို အင်အား(၅၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ပြည်သူ ၅ ဦးနဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်‌တော်(PLSF)က မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။​

ကျဆုံးခဲ့ရတဲ့ ကျောင်းသားတပ်‌တော်(PLSF) ရဲဘော်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PLSF

မတ်-၅၊၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်း၊ ကိုးပင်သာဂရအတွင်းပိုင်းကို အင်အား(၅၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ပြည်သူ ၅ ဦးနဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်‌တော်(PLSF)က မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။​

အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးရာနယ်မြေ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်း၊ ကိုးပင်သာဂရအတွင်းပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“ နေပြည်တော် လယ်ဝေးဘက်က ထွက်လာတဲ့ စစ်ကြောင်းရယ်။ ရေနီလေ့ကျင့်ရေး ၅ ကထွက်လာတဲ့စစ်ကြောင်းရယ်လို့ကြားသိရပါတယ် ” လို့ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်‌တော်(PLSF)တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီနောက် ဖေဖေါ်ဝါရီ ၂၄ ရက်မှာ စစ်ကြောင်း၂ ခု ခွဲထွက်ပြီး အင်အား ၂၀၀ ခန့်နဲ့ ကိုးပင်သာဂရအတွင်းပိုင်းက ကျေးရွာအတွင်းကို ဝင်ရောက်လာခဲ့ရာ တော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အင်အားမမျှတတာကြောင့် မဟာမိတ်အင်အားစုတွေက ဆုတ်ခွာပေးခဲ့ရပြီး ဖေဖေါ်ဝါရီ ၂၅ ရက်မှာလည်း ကိုးပင်သာဂရအတွင်းပိုင်းက ကျေးရွာအနီးမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ PLSF က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ သာလွန်အင်အားကြောင့် တိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာ လက်နက်တွေ မကောက်ယူနိုင်ခဲ့ဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

အဲ့ဒီနောက် ဖေဖေါ်ဝါရီ ၂၆ နဲ့ ၂၇ ရက်မှာလည်း မဟာမိတ်အင်အားစုတွေနဲ့ စစ်တပ် စစ်ကြောင်းကြား ထပ်မံပြီး စစ်ဆိုင်တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်‌တပ်စစ်ကြောင်းဟာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ကျေးရွာတွေက ပြည်သူပိုင် ပစ္စည်းတွေကို ဖောက်ထွင်းသိမ်းယူခဲ့သလို ပြည်သူ ၄ ဦးလည်း သတ်ဖြတ်ခဲ့တယ်လို့ PLSFတာဝန်ရှိသူက ပြောပါတယ်။

“ သူတို့ဝင်မွှေသွားတဲ့ရွာတွေမှာ ဖုန်းတွေသိမ်းဆည်းသွားတာမျိုးတွေရှိတယ် တစ်ရွာမှာဆိုရင် ဖုန်းအလုံး၈၀လောက်ကို သိမ်းသွားတာရှိတယ်။ ပြည်သူတွေကို ဘုန်းကြီးကျောင်းထဲကိုစုပြီးတော့အိမ်တွေမှာ ဘယ်သူမှမရှိတဲ့အချိန်ကြမှ ဝင်မွှေတာမျိုးတွေ ဒါမျိုးတွေလုပ်တယ် ” လို့ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်က ရဲဘော်တစ်ဦးနဲ့ပြည်သူတစ်ဦးဟာ ဆေးကုသဖို့ နောက်တန်းစခန်းကို ပြန်လည်ထွက်ခွာခဲ့ချိန်မှာ စစ်တပ်စစ်ကြောင်းနဲ့ တွေ့ဆုံပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ PLSF က ထုတ်ပြန်ပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခံရသူ ၂ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လှေဆိပ်ကို လာရောက်ပေါင်းစည်းတဲ့ တခြား စစ်တပ်စစ်ကြောင်းနဲ့ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

အဲ့ဒီလို ပြန်လည်ပေါင်းစည်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ရဲဘော်တစ်ဦးနဲ့ပြည်သူတစ်ဦးကို စစ်တပ်တပ်ဖွဲ့ဝင်တွေက နှိပ်စက်ညှင်းပန်းခဲ့ပြီး လှေဆိပ်မှာ ပစ်ခတ်ခဲ့ပါတယ်။​

လက်ရှိအချိန်မှာတော့ စစ်တပ်စစ်ကြောင်းဟာ စစ်တောင်းမြစ်အနောက်ခြမ်း၊ ကိုးပင်သာဂရအတွင်းပိုင်းက ကျေးရွာတွေမှာ တပ်စွဲထားတာမျိုးမရှိဘဲ ပြန်လည်ထွက်ခွာသွားပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဒီကနေ့ (ဇန်နဝါရီ၁ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မဲရုံနေရာတွေကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ဒီကနေ့ (ဒီဇင်ဘာ၂၅ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကွမ်းအုံးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ PDF တပ်ရင်း (၃၅၀၄)က ထုတ်ပြန်ထားပါတယ်။