အမေရိကန် ဖက်ဒရယ် အေးဂျင့်တွေက ဖမ်းဆီးထားတာ ခံခဲ့ရတဲ့ ၅ နှစ်အရွယ် ကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ဟာ အခုအခါ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။
မင်နီဆိုးတား ပြည်နယ်ထဲမှာ အမေရိကန် ဖက်ဒရယ် အစိုးရက စေလွှတ်ထားတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်အခွန် စည်းကြပ်မှုဌာန (ICE)ရဲ့ အေးဂျင့်တွေက ၅ နှစ်သားလေး လီယမ် ကွန်နီဂျို ရာမို့စ်နဲ့ ဖခင်ဖြစ်သူ အက်ဒရီယန် ကွန်နီဂျို အေးရီးရက်စ်တို့ကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

သူတို့ သားအဖဟာ တက္ကဆက်စ် ပြည်နယ်ထဲက ဒိုင်လီ အကျဉ်းစခန်းမှာ ထိန်းသိမ်း ခံထားရပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ သူတို့တွေ မင်နီဆိုးတားဆီ ပြန်သွားကြပြီလို့ တက္ကဆက်စ် လွှတ်တော်အမတ် ယာကွင်း ကက်စ်ထရိုက အတည်ပြုခဲ့ပါတယ်။
လီယမ်လေးဟာ အခုတော့ သူ့ဦးထုပ်နဲ့ ကျောပိုးအိတ်ကိုပါ ယူပြီး မင်နီယာပိုးလစ်မြို့ဆီ ပြန်သွားပါပြီလို့ ကက်စ်ထရိုက ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ သူဟာ မူကြိုကနေ အိမ်ကို ပြန်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

ပြီးတော့ အေးဂျင့်တွေဟာ အိမ်ထဲမှာ ရှိနေသူတွေ တံခါးဖွင့်ပေးအောင်လို့ လီယမ်ကို ဖိအားပေးပြီး တံခါးခေါက်ခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး ICEဖက်ကတော့ ငြင်းဆိုထားပါတယ်။ တကယ်တမ်းမှာ ဖခင်ဖြစ်တဲ့ အက်ဒရီယန်ကသာ ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားတာလို့ ICEက တုံ့ပြန်ခဲ့ပါတယ်။
တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ထိထိရောက်ရောက် ဖြိုခွင်းမယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒကို အကောင်အထည် ဖော်ရာမှာ ICE အေးဂျင့်တွေရဲ့ အဖမ်းအဆီးကြမ်းမှုတွေက အတော်လေး ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ၅ နှစ်သားလေး တစ်ဦးကိုပါ ထောင်ထဲ ထည့်ထားတယ်ဆိုတဲ့ ကိစ္စဟာ အမေရိကန်မှာတော့ အတော်ကြီး ပွက်လောရိုက်ခဲ့ပြီး တစ်နိုင်ငံလုံးက ဝေဖန်ခဲ့သလို ဒိုင်လီ အကျဉ်းစခန်း ရှေ့မှာလည်း ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
မိသားစု ရှေ့နေက လီယမ်နဲ့ အက်ဒရီယန်တို့ လွတ်မြောက်ရေးအတွက် အရေးပေါ် တောင်းဆို လျှောက်ထားမှု တစ်ခုကို ခရိုင်တရားသူကြီး ဖရက်ဒ် ဘိုင်ရီက အတည်ပြု လက်ခံပေးလိုက်တဲ့နောက် သားအဖနှစ်ဦး အိမ်ပြန်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ICEရဲ့ မိခင်ယူနစ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (DHS)ကတော့ သူတို့နှစ်ဦးဟာ အမေရိကန်ကို တရားမဝင် ခိုးဝင်လာကြတာလို့ စွပ်စွဲထားပြီး သူတို့ရဲ့ မိသားစု ရှေ့နေ တစ်ဦးကတော့ သားအဖနှစ်ယောက်ဟာ အီကွေဒေါကနေ ရောက်လာတဲ့နောက် ဒုက္ခသည် ခံယူခွင့်အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်ထားပြီးသားလို့ ပြောပါတယ်။
၅ နှစ်သား ကလေးငယ် တစ်ဦးကိုပါ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး DHSကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ သမ္မတထရမ့်ရဲ့ အစိုးရဟာ နိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး စနစ်ကို လက်တွေ့ကျပြီး တရားဥပဒေ စိုးမိုးတဲ့ အခြေအနေ ပြန်ဖြစ်လာအောင် အားထုတ်နေကြောင်း၊ နိုင်ငံပိုင်နက်ထဲ အခွင့်မရှိဘဲ ကျူးကျော် ဝင်ရောက်လာသူတွေကို တိုက်ဖျက်ဖို့၊ ဖယ်ရှားဖို့၊ ဖမ်းဆီးဖို့၊ ထိန်းသိမ်းဖို့ သံန္နိဌာန်အတိုင်း ဆက်လက် လုပ်ဆောင်နေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင် မင်နီဆိုးတား ပြည်နယ်အမတ် အီလ်ဟန် အိုမာကတော့ လီယမ် အဖမ်းခံခဲ့ရတဲ့ ကိစ္စမှာ ICEကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အခုတော့ လီယမ်ဟာ မင်နီယာပိုးလစ်မြို့ကို ပြန်လာပြီဖြစ်ပြီး သူ့ဖခင်လည်း အတူပါလာခွင့် ရတာကို ကြားသိရလို့ ဝမ်းသာကြောင်း အိုမာက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Congresswoman Ilan Omar/X, AP, Columbia Heights Public Schools

















































