ဇန်နဝါရီ-၂၉၊၂၀၂၆၊မေ/ People’s Spring
မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်က မတ္တရာမြို့နယ်ကတဆင့် Faw ကားနှစ်စီး ၊လက်နက်ခဲယမ်းအပြည့်ပါ ကားတစ်စီးနဲ့ အင်အား၁၀၀ နီးပါးဟာ ရှိမ်းမကားရွာအထိုင်ရဲစခန်းကို အင်အားဖြည့်ခဲ့ပြီးတဲ့ နောက် ကမ်းဖြူကျေးရွာဘက်ကို ထပ်မံစစ် ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ကမ်းဖြူကျေးရွာကို အထိုင်ချတပ်စွဲခဲ့ပြီးနောက် ဇန်နဝါရီ၂၇ ရက် ညပိုင်းမှာ သင်္ဘောတွေနဲ့ မန္တလေးတိုင်းဘက်ကို ပြန်ကူးကာ တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

Public Service Announcement

“ စကစတပ်ပြန်ဆုတ်ပြီးတဲ့ မနေ့က ရဲဘော်တွေ နယ်မြေရှင်းလင်းရေး ဝင်ကြတယ်။သူတို့ လက်နက်တင်ထားတဲ့ ကားကိုမီးရှို့ထားခဲ့တာ တွေ့ရတယ်။ပြည်သူ အိမ်တွေကိုလည်း တော်တော် ဝင်မွှေသွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းက မန္တလေးတိုင်းက ကြက်တူ ရွေးရွာကို ပေါင်းသွားတာရှိသလို ဧရာဝတီမြစ်ဘေးက စစ်ရှောင် မော်တော်တွေကို ချောဆွဲပြီး မန္တလေးဘက်ကို စုန်သွားတာလည်း ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ကမ်းဖြူကျေးရွာကစစ်ရှောင်တွေရွာထဲရွာထဲကို ပြန်ဝင်နေကြပြီလို့ သိရပါတယ်။
လက်ရှိမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ခလရ (၁၂)ကျောက် မြောင်းတပ်က စစ်ကြောင်းထိုးနေပြီး ထုံးဘိုရွာကို မီးရှို့နေတယ်လို့ သိရပါတယ်။

















































