ဇန်နဝါရီ -၂၄ ၊၂၀၂၆။မိုမို/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာကြောင့် ခရီးသွားတာတွေ မလုပ်ဖို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့(ဇန်နဝါရီ ၂၄ ရက်)ကစလို့ နှစ်ရက်အတွင်း လောင်းလုံးမြို့ အနီးပတ်ဝန်းကျင်နဲ့ မြို့ပေါ် နေရာ တွေကို အသွားအလာရှောင်ကြဖို့ တိုက်တွန်းထားပါတယ်။
“ နေရာမရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ကြိုတင်ပြီး သတိပေးရတာပါ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း(၃)အတွက် လောင်းလုံးမြို့ပါဝင်ပြီး စစ်တပ်က ခရီးသွားယာဥ်တန်းတွေကို တားဆီးပြီး မဲပေးခိုင်းတာတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေကြောင့် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိပြုကြဖို့၊ စစ်ရေးအသိနဲ့နေကြဖို့လည်း လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
လောင်းလုံးမြို့နယ်က မောင်းမကန်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက အင်အားဖြည့်ပြီး မြို့နယ်တွင်း စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ဒီဇင်ဘာနဲ့ နိုဝင်ဘာက လောင်းလုံးမြို့နယ်တောင်ဘက်ခြမ်းက တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက ခမရ(၄၀၆)၊ (၄၀၉)နဲ့ ခလရ(၂၆၇)တပ်ရင်းတွေ နဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့က ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ဘက်ပြောင်းခိုလှုံတာတွေလည်းရှိနေပါတယ်။















































