ဇန်နဝါရီ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Federal Wingsက ရဲဘော်ဟောင်းတွေနဲ့ ပြည်သူတွေဆီသို့ အိတ်ဖွင့်ပေးစာကို ဇန်နဝါရီ ၂၃ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာ ရဲဘော်ဟောင်းတွေရဲ့ စတေးမှုတိုင်းကို တန်ဖိုးထားကြောင်း အသိအမှတ်ပြုကြောင်း ဖော်ပြကာ တပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲဘော်ဟောင်းများအပေါ် အစဉ်အမြဲ လေးစားမှုရှိဖို့ စည်းကမ်းသတ်မှတ်ထားပြီးဖြစ်ဟု အသိပေးပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် တာဝန်မှ အနားယူသွားကြတဲ့ ရဲဘော်တွေအပေါ် လူမှုကွန်ရက်နဲ့ ပတ်ဝန်းကျင်မှာ အပြုသဘော မဆောင်တဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေတဲ့ အခြေအနေမှာ အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။
“FW ရဲ့ သဘောထားကို တရားဝင်ထုတ်ပြန်ပေးတာပါ” လို့ Federal Wings တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement
Federal Wings အနေနဲ့ ရဲဘော်ဟောင်းတွေနဲ့ပတ်သက်ပြီး စတေးမှုတိုင်းကို တန်ဖိုးထားခြင်း၊ အသုံးချခြင်းမဟုတ်ဘဲ အစွမ်းကုန် ကြိုးစားခဲ့ခြင်း၊ ရဲဘော်ဟောင်းတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ခြင်းစတဲ့ အဖွဲ့ရဲ့ သဘောထားတွေကို အသိပေးထားပါတယ်။
“Federal Wings သို့ ရောက်ရှိလာခဲ့သည့် ရဲဘော်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဘဝ၊ ပညာရေးနှင့် မိသားစုများကို စွန့်လွှတ်ကာ တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။ တစ်ရက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်စေ၊ နှစ်နှင့်ချီ၍ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်စေ ၎င်းတို့၏ စေတနာနှင့် ပေးဆပ်မှုကို ကျွန်ုပ်တို့ အပြည့်အဝ အသိအမှတ်ပြုပါသည်” လို့ ဖော်ပြထားပါတယ်။
နားသွားတဲ့ ရဲဘော်တွေဟာ အဖွဲ့အစည်းကို အသုံးချကာ ထွက်သွားကြသူတွေမဟုတ်ဟု ထုတ်ပြန်ပါတယ်။
“ လူတိုင်းတွင် ခံနိုင်ရည် (Capacity) နှင့် ကျော်ဖြတ်ရမည့် ဘဝအခက်အခဲများ (Constraints) အသီးသီး ရှိကြပါသည်။ မိမိတို့ တာဝန်ယူသည့် အပိုင်းတွင် အစွမ်းကုန် ကြိုးစားခဲ့ကြပြီးမှ အနားယူသွားကြသူများဖြစ်၍ ၎င်းတို့ကို “ ကျောခိုင်းသူများ” အဖြစ် သတ်မှတ်ခြင်းကို ကျွန်ုပ်တို့ လုံးဝ (လုံးဝ) လက်မခံပါ” လို့ Federal Wings က ထုတ်ပြန်ပါတယ်။
အနားယူသွားသော ရဲဘော်တွေအပေါ် အပြစ်တင်တာ၊ သိက္ခာချတာနဲ့တိုက်ခိုက်တာတွေဟာ တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲမှုကိုသာ ဖြစ်စေကြောင်း သတိပေးထားပြီး Federal Wings အဖွဲ့ဝင်များအနေဖြင့် ရဲဘော်ဟောင်းတွေအပေါ် အစဉ်အမြဲ လေးစားမှုရှိဖို့ စည်းကမ်းသတ်မှတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
“တစ်ခါရဲဘော်သည် ထာဝရရဲဘော်” ဖြစ်သည်။ တော်လှန်ရေးခရီးလမ်း တစ်စိတ်တစ်ပိုင်းတွင် အတူတကွ ရုန်းကန်ခဲ့ကြသူများကို ကျေးဇူးတင်စွာဖြင့် နှုတ်ဆက်ခြင်းသည်သာ တော်လှန်ရေးအင်အားစုတို့၏ ယဉ်ကျေးမှု ဖြစ်သင့်ပါသည်။နားသွားသော ရဲဘော်များအနေဖြင့်လည်း နောင်တစ်ချိန်တွင် မိမိတို့ တတ်နိုင်သည့်ဘက်မှ တော်လှန်ရေးအတွက် ဆက်လက် ဝန်းရံပေးကြလိမ့်မည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါသည်” လို့ Federal Wings က ထုတ်ပြန်ပါတယ်။
တော်လှန်ဒရုန်းတပ်ဖွဲ့ တခုဖြစ်တဲ့ Federal Wings ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။















































