ဇန်နဝါရီ-၉၊၂၀၂၅။အိမ်သွင်/People’s Spring
ပဲခူးတိုင်း၊ကညွတ်ကွင်း နဲ့ ပဲနွယ်ကုန်းမြို့ကြားမှာရှိတဲ့ တောကျွဲအင်းမြို့က စစ်တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စီနင်းတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။
ဇန်နဝါရီလ ၉ ရက်မနက်အစောပိုင်းကစတင်ပြီး တိုက်ပွဲပြင်းထန်နေတာလို့ ပဲနွယ်ကုန်းမြို့ခံတစ်ဦးကပြောပါတယ်။
၎င်းက “ လမ်းပိတ်သွားပြီ။ စစ်တပ်လေကြောင်းတက်သတင်းဝင်တယ်။မြို့ထဲမှာလည်းလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်” လို့ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဝါဒဖြန့်ချီရေးလူမှုကွန်ရက်စာမျက်နှာတွေလည်း တောကျွဲအင်းမြို့ကစစ်တပ်စခန်းတွေ စီးနင်းတိုက်ခိုက်ခံနေရတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
“ အခုမနက်တိုက်ပွဲမှာ တွဲကားတစ်စီး မီးလောင်နေတယ်။လမ်းဟောင်းပေါ်မှာ(ရန်ကုန်-မန္တလေးလမ်းဟောင်း)။ သွားလို့မရတော့ဘူးနော်။ သတင်းတွေ နားစွင့်ပါ” လို့ ပဲနွယ်ကုန်းမြို့ခံကပြောပါတယ်။
အလားတူ ဒီနေ့မနက်ပိုင်းမှာပဲ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နဲ့ကျွဲပွဲကျေးရွာကြားက စစ်တပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့သိရပါတယ်။
“ ဒေသခံတွေအထုပ်ပြင်နေကြပြီ။တိုက်ပွဲဖြစ်မယ်လို့သတင်းကြားနေတာကြာပြီ” လို့အုတ်တွင်းမြို့ခံတဦးကပြောပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ပဲခူးတိုင်းထဲမှာ တော်လှန်ရေးတပ်တွေကစစ်ပြင်နေတယ်လို့ ဒီဇင်ဘာလာနှောင်းပိုင်းကတည်းကရေးသားဖော်ပြနေကြပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့မဟာမိတ်တွေက ပဲခူးတိုင်းထဲက နတ်တလင်း၊ ဇီးကုန်းနဲ့၊ မင်းလှမြို့နယ်ထဲက စစ်တပ်စခန်းတွေကို ဇန်နဝါရီလ ၇ရက်နေ့ကစီးနင်းတိုက်ခိုက်ခဲ့ကြပါသေးတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀နီးပါးသေဆုံးခဲ့ပြီး စစ်ရေးဆက်လက်ဖော်ဆောင်မှာမို့လို့ ဒေသခံတွေအနေနဲ့ လုံခြုံရေးသတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက ဇန်နဝါရီလ၈ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

















































