အောက်တိုဘာ-၁၀၊ ၂၀၂၅။ရဲခေါင် /People’s Spring
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လက်နက်ကြီး၊လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ထိုးစစ်ဆင်လာနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၁၅)က ဒီကနေ့(အောက်တိုဘာ ၁၀ရက်)မှာ ထုတ်ပြန်ပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ကာလဖြစ်လို့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ရှေ့တန်းက ရဲဘော်တွေ နေ့မနား၊ညမအိပ် ခုခံကာကွယ်နေတယ်လို့လည်း အသိပေးပါတယ်။
“ စစ်ရေးတင်မာနေတယ်။ထိတွေ့မှုတွေက နေ့တိုင်း အနည်းနဲ့အများ ပုံမှန်ဖြစ်နေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဒေသခံပြည်သူတွေ အနေနဲ့လည်း သတိဝိရိယထားပြီး သွားလာပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ တပတ်တာ ကရင်နီစစ်ရေးအခြေအနေ ထုတ်ပြန်ချက်တွေအရ ဒီးမောဆိုနဲ့ ဖရူဆို လမ်းမကြီးပေါ်က တိုက်ပွဲမှာ စစ်ကောင်စီယာဥ်တန်းက စစ်ကားတစီးဖျက်ဆီးနိုင်ခဲ့ပြီး အရာရှိအဖြစ် ယူဆရသူအချို့ သေဆုံးခဲ့တယ်လို့ KNDFက ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ နေ့စဥ်နီးပါးရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဖရူဆိုအခြေစိုက် စစ်ကောင်စီတပ်တွေထဲမှာ စစ်ကားတွေ ဖြန့်ခွဲစုဖွဲ့ထားပြီ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးသင်တန်းကျောင်းအနီးက ကျေးရွာတွေဘက်ထွက်ပြီး ဘောလခဲမြို့ဆီ ဦးတည်တဲ့ စစ်ကြောင့်တချို့လှုပ်ရှားနေတာကြောင့် ထိတွေ့မှုရှိတယ်လို့ အသိပေးပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဆက်စစ် ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်ဖြစ်နေပြီး စစ်ကောင်စီတပ်က ဒရုန်း၊လက်နက်ကြီးတွေနဲ့ အဓိကထားတိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။
ကရင်နီနဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေရှိနေပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကို ဘောလခဲမြို့နယ်မှာ လုပ်နိုင်ဖို့အတွက် ဖရူဆိုကနေ ဘောလခဲမြို့ကို စစ်ကြောင်းထိုးနိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။



















































