အောက်တိုဘာ-၁၀၊ ၂၀၂၅။ မေ/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ထန်းတပင်ကျေးရွာကို စစ်တပ်နဲ့ပျူစောထီးတွေ ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်ကာ လူငယ် ၃၀ကိုလည်း ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဇီးကုန်းတိုက်နယ် ပကဖတာဝန်ခံက ပြောပါတယ်။
အောက်တိုဘာ ၉ ရက် မနေ့ မနက် ၁၁နာရီခွဲလောက်မှာ ဇီးကုန်းမြို့၊ အမှတ်-၁ သကြားစက်က စစ်သားနဲ့ ပျူစောထီးတွေပူးပေါင်းကာ ထန်းတပင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။
ထန်းတပင်ရွာမှာ ဘုန်းကြီးကျောင်း ၇ကျောင်းရှိပြီး စစ်တပ်က ဝင်ရောက်စီးနင်းကာ ဥပုသ်သည်တွေဆီက ရွှေ၊ငွေ၊လက်ဝတ်ရတနာတွေကို ချွတ်ခိုင်းခဲ့သလို ကျေးရွာထဲက ပြည်သူတွေကိုလည်း ရွာလယ်ဘုရားမှာ စုထိုင်ခိုင်းကာ လက်ဝတ်ရတနာတွေ ချွတ်ခိုင်းပြီး ယူသွားတယ်လို့ သိရပါတယ်။

Public Service Announcement

“ ကလေးပေါက်စတွေရဲ့ နားကပ်ပါမကျန် ချွတ်ယူသွားတာ။ အများဆုံးက ရွာထဲကဆိုင်ကယ်တွေနဲ့ လက်ဝတ်ရတနာတွေကို ယူသွားကြတယ်” လို့ ဇီးကုန်းတိုက်နယ်ပကဖတာဝန်ခံက ပြောပါတယ်။
အဲဒီနောက် စစ်အုပ်စုဟာ အသက် ၄၇နှစ်အရွယ်အမျိုးသမီးကို အဓမ္မပြုကျင့်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အသက် ၂၀ ကျော်ကနေ ၃၀ အတွင်း အမျိုးသား၂၉ဦးနဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၃၀ ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီလူငယ်တွေကို အမှတ်-၁ သကြားစက်ရုံကို ဖမ်းဆီးသွားပြီး တပ်သားစုဆောင်းမယ်လို့ ပြောဆိုသွားကြောင်း သိရပါတယ်။ ထန်းတပင်ရွာကနေ စစ်အုပ်စု ပြန်ထွက်ချိန် အိမ်ခြေ ၁၀၀ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ထန်းတပင်ကျေးရွာဟာ အမှတ်-၁သကြားစက်နဲ့အနီးဆုံး ကျေးရွာဖြစ်ပြီး မီတာ ၃၅၀လောက်ပဲဝေးတယ်လို့ သိရပါတယ်။
ဒီနေ့ ညနေပိုင်းမှာ ထပ်မံသိရတဲ့သတင်းအရ ဖမ်းဆီးသွားတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
















































