အောက်တိုဘာ-၁၀၊ ၂၀၂၅။ People’s Spring
ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများသေဆုံးခဲ့ရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမျိုးအတွက် လက်ခံနိုင်ဖွယ်အကြောင်းပြချက် လုံးဝမရှိဘူးလို့ ရန်ကုန်မြို့ ဗြိတိန်သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန်က ထုတ်ဖော်ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ပွဲတော်ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများသေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေ ကြားသိရတာ အင်မတန်မှ တုန်လှုပ်ဖွယ်ကောင်းတယ်လို့ ဗြိတိန်သံရုံးအကြီးအကဲက ပြောပါတယ်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ဗြိတိန်အစိုးရအနေနဲ့ ရှုတ်ချတယ်လို့ သံရုံးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေနဲ့ အရပ်သားပြည်သူများ အထူးသဖြင့် ကလေးငယ်များကို အကာအကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးကလည်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်း တိုက်ခိုက်ခံရမှုများအပါအဝင် ပြည်သူလူထုအပေါ် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆက်လက်တိုက်ခိုက်နေမှုများကို ရှုတ်ချတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီးမရှိ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့၊ မတရားထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားများကိုလွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုများလုပ်ဆောင်ဖို့ သြစတြေးလျအစိုးရက တောင်းဆိုပါတယ်။
သြစတြေးလျအစိုးရဟာ မြန်မာပြည်သူများနဲ့အတူတကွ ဆက်လက်ရပ်တည်ကြောင်းလည်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်သံရုံးကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ဘာသာရေးပွဲတော်အတွင်း ကလေးငယ်များအပါအဝင် အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆွစ်ဇာလန်နိုင်ငံက ရှုတ်ချကြောင်း ဒီနေ့ ဖော်ပြပါတယ်။
အရပ်သားများကို ခွဲခြားမှုမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ဆွစ်ဇာလန်သံရုံးက ဖော်ပြပါတယ်။
ဒါ့အပြင် ပဋိပက္ခနှင့်သက်ဆိုင်တဲ့ အဖွဲ့များအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများအောက်ရှိ ၎င်းတို့ရဲ့ တာဝန်ဝတ္တရားများကို အပြည့်အ၀ လေးစားလိုက်နာဖို့နဲ့ အရပ်သားများကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံများအားလုံးကို ဆွစ်ဇာလန်အစိုးရက တောင်းဆိုပါတယ်။
ဆွစ်ဇာလန်ဟာ အဲဒီလို တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးဖို့ ၎င်းရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုတယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ညမှာ အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဘုံတိုရွာ ဆီမီးထွန်းချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၂၈ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။



















































