စက်တင်ဘာ-၃၀၊၂၀၂၅။သတိုး/People’s Spring
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ လက်ပစ်ဗုံး ၂လုံးအသုံးပြု ပစ်ခတ်တိုက်ခိုက်ထားတာပါ။စခန်းဝန်းထဲ လုံခြုံရေးရဲကင်းနားအရောက် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စခန်းထဲ ဂိတ်ဝရဲကင်းမှာကတော့ ပုံမှန်၂ကောင် ကင်းယူတယ်။ ဘေးနားက အမြင့်ကင်းမာတော့ ၁ကောင်ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက် ည ၁၀နာရီခန့်မှာ Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Public Service Announcement
“ ညက ရန်ကုန်ထဲ အစစ်ဆေးတွေ တင်းကြပ်နေတဲ့အထဲက လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲသိရတာကတော့ မစ်ရှင်အပြီး ခွေးစခန်းထဲ လူနာတင်ကား ဝင်သွားတာရှိတယ်။ ရခ ဘယ်နှစ်ကောင်ထိလည်း ဆိုတာမျိုးတော့ မသိရသေးဖူး။ စုံစမ်းနေဆဲပါပဲ။” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း “ အနောက်ပိုင်းခရိုင် ပကဖ တွေရဲ့ စုစည်းမှု ၊ရှေ့ဆက်ဖိုက်ကြမယ်ရဲဘော်တို့” လို့ ရေးသားကာ စစ်ဆင်ရေးအကြောင်း အသိပေးထားပါတယ်။
ရန်ကုန်မြေပြင်သတင်းတွေကိုဖော်ပြတဲ့ Hlaing Info ရဲ့ တယ်လီဂရန်စာမျက်နှာကလည်း ည ၁၀ နာရီ လောက်မှာ ဗဟန်းရဲစခန်းကပေါက်ကွဲသံ နှစ်ချက်ကြားရတယ်လို့ ဒေသခံသတင်းပေးပို့တာကိုဖော်ပြထားပါတယ်။
ရဲစခန်းထဲကို လူနာတင်ကားတွေ ဝင်ထွက်တာလည်း တွေ့ရတယ်လို့လည်း ဆိုပါတယ်။
Operation Flame အဖွဲ့ အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ပူးပေါင်းလုပ်ဆောင်နေသူတွေကို Fire Power အထူးစစ်ဆင်ရေး အနေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။
“ အကြမ်းဖက်စစ်တပ်ပြုလုပ်ဖော်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ဆန့်ကျင်ကြဖို့လိုပါတယ်ဗျ။ အဲ့တာဟာ ပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်ဘဲ စစ်အာဏာရှင်တွေအတွက်သာ ထွက်ပေါက်ဖြစ်ပြီး ပြည်သူတွေအားလုံးကို သူတို့ ကျွန်တွေအဖြစ်ဇာတ်သွင်းမယ့် ရွေးကောက်ပွဲတခုဖြစ်တယ်ဆိုတာကို ပြည်သူအားလုံးသိစေချင်ပါတယ်ဗျ။ စစ်အာဏာက ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အာဏာရှင်ဘဲ တက်လာပါလိမ့်မယ်ဗျ” လို့ အထက်ပါ တာဝန်ခံက ပြည်သူတွေကို သတိပေးထားပါတယ်။
Operation Flame အဖွဲ့အနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ပဲ ရန်ကုန် တော်လှန်ရေး မဟာမိတ်တွေနဲ့ အတူ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
စက်တင်ဘာလထဲမှာ Operation Flame အဖွဲ့က Fire Power စစ်ဆင်ရေးအနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၂၄) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးနဲ့ အမှတ် (၆) ယာဉ်ထိန်းတပ်ဖွဲ့တို့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

















































