အောက်တိုဘာ-၅၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတွေမှာ ရေကြီးနေတာကြောင့် အရေးပေါ် ရွှေ့ ပြောင်းနေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
စက်တင်ဘာနောက်ဆုံးပတ်က မိုးအဆက်မပြတ်ရွာသွန်းတဲ့အပြင် တောင်ကျချောင်းရေမြင့်လာတာကြောင့် စစ်ရှောင်နေရာ နှစ်ခုထက်မနည်း ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
“ ကွိုင်ငံနဲ့ ပီကင်းဘက်မှာ ရေကြီးနေတာ။ကွိုင်ငံမှာ လောလောဆယ်ရွှေ့ထားရတာ ၁၃အိမ်လောက်ရှိတယ်။အဲဒီမှာ စစ်ရှောင်တဲ ၁၅၀ လောက်ရှိတာ” လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကိုလွှမ်းက ရေကြီးနေတဲ့ပေါ် ရှင်းပြပါတယ်။

Public Service Announcement
ပီကင်းစစ်ရှောင်စခန်းနေရာမှာရှိတဲ့ စစ်ရှောင်တဲ ၅၀ ခန့်ဟာ ရေကြီးတဲ့ဒဏ်ကို ခံနေရတယ်လို့ သူက အသိပေးပါတယ်။
“ လောလောဆယ်အရေးပေါ်အကူအညီအနေနဲ့ မိုးကာတွေလိုနေတယ်” လို့ ကရင်နီစစ်ရှောင်ကူညီနေတဲ့ Karenni Hope တာဝန်ခံက ပြောပါတယ်။
ဒီးမော့ဆိုနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်နေရာတွေမှာ နှစ်စဥ်ရာသီဥတုပေါ်မူတည်ပြီး အနည်းဆုံးတပတ်လောက်အထိ ရေကြီးမှုကို ကြုံတွေ့ခံစားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လကစပြီး ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက အသိပေးထားပါတယ်။
“ စားနပ်ရိက္ခာ အခက်အခဲရောက်တဲ့ ပုံစံကအရင်နှစ်တွေထက်ပို ဒုက္ခရောက်နေတယ်။စစ်ရှောင်ပြည် သူလူထုက ပိုတိုးလာတယ်။ဖယ်ခုံအရှေ့ခြမ်း ရော အနောက်ခြမ်းက ပြည်သူတွေပါ တိုးလာတယ်။ ဒါပေမယ့် စစ်ရှောင်ကို ကူညီနိုင်တဲ့ ကူညီနေတဲ့ အဖွဲ့တွေက အရင်လို အားမကောင်းတော့ဘူး။လျော့သွားတယ်” လို့ ကရင်နီစစ်ရှောင်အရေးကူညီနေတဲ့ Jobs For Kayahအဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။
ဒါ့အပြင် ရေကြီးတာနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုး လာတာတွေကြောင့် စစ်ရှောင်တွေ စိုက်ခဲ့တဲ့ သီးနှံတွေ မရိတ်သိမ်းနိုင်တာ၊ပျက်စီးသွားတာကလည်း စားနပ်ရိက္ခာပြတ်လပ်မှု ပိုဖြစ်လာစေတယ်လို့ ဆိုပါတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်(KCSN) စာရင်းတွေအရ ကရင်နီပြည်နယ်မြို့နယ် ရှစ်ခုမှာ စစ်ရှောင်ပြည်သူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်ပြည်သူ ရှစ်သောင်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့ကို သြဂုတ်က ထိန်းချုပ်ပြီးတဲ့နောက် ဒီးမော့ဆို- မိုးဗြဲလမ်းပိုင်း နဲ့ ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းပိုင်းတွေကိုစစ်ကြောင်းထိုးနေပါတယ်။



















































