close
Connect with us

Hi, what are you looking for?

သတင်း

အခက်အခဲမျိုးစုံအံတုပြီး တော်လှန်ရေးမှာဆက်ပါဝင်နေတဲ့ CDM ဆရာ၊ဆရာမတွေကို ဦးညွှတ်ကြောင်း NUG ခေါင်းဆောင်တွေပြော

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ရေးမှာ ရဲဝံစွာပါဝင်ခဲ့ကြတဲ့ ဆရာ၊ဆရာမတွေကို လေးစားဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်တွေက အသိအမှတ်ပြုပြောကြားလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဆရာ၊ဆရာမများ CDMပြူလုပ်၍ ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ − CJ

အောက်တိုဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ရေးမှာ ရဲဝံစွာပါဝင်ခဲ့ကြတဲ့ ဆရာ၊ဆရာမတွေကို လေးစားဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်တွေက အသိအမှတ်ပြုပြောကြားလိုက်ပါတယ်။

ယနေ့ အောက်တိုဘာ ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အခုလို ပြောကြားခဲ့တာပါ။

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်က ယခုအချိန်ထိ ဆရာဆရာမတွေဟာ စိတ်ပျက်အားလျော့မှု မရှိဘဲ အခက်အခဲ မျိုးစုံကို အံတုပြီး အကြမ်းမဖက် အာဏာဖီဆန်မှုမှာ ဆက်လက်ပါဝင်ခဲ့တဲ့အတွက် လေးစား ဦးညွှတ်ကြောင်း သမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင် ဖက်ဒရယ်ကျောင်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ကျော် ပြုလုပ်ခဲ့ပြီး ဆရာဆရာမတွေဟာ မီးလောင်ပြင်ကြားကနေဆက်လက်ပြီးဖက်ဒရယ်ဒီမိုကရေစီအရေးကို အကောင်အထည် ဖော်နေကြတာ တွေ့ရလို့ အံ့ဩဂုဏ်ယူလေးစားမိကြောင်းလည်း ပြောပါတယ်။

ဖက်ဒရယ်ယူနစ်တွေ အားကောင်းရေး၊ မြန်မာနိုင်ငံမှာ အားကိုးရတဲ့လူငယ်တွေ ဖြစ်ထွန်းလာစေရေးအတွက် ဖက်ဒရယ်ပညာရေးကသာ ပုံဖော်နိုင်မှာ ဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောကြားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ဖို့အတွက် အခက်အခဲ တွေကြားက ကြိုးစားနေကြတဲ့ ပညာရှင် CDM ဆရာဆရာမတွေ၊ စေတနာ့ဝန်ထမ်း ဆရာဆရာမတွေအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ယာယီသမ္မတက ထပ်လောင်းပြောကြားပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဆရာဆရာမတွေ နွေဦးတော်လှန်ရေးမှာ ရဲဝံ့စွာ ပါဝင်ခဲ့ကြလို့သာ နွေဦးတော်လှန်ရေးဟာ လက်ရှိကဲ့သို့ ခရီးရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။

“အခက်အခဲကြားက ဆရာဆရာမတွေ လုပ်ဆောင်ကြတဲ့အခါမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း အန္တရာယ် စစ်ကြောင်းထိုးတဲ့ အန္တရာယ် အန္တရာယ်မျိုးစုံကြားက ဖက်ဒရယ်ကို ရင်းနှီးကျွမ်းဝင်ဖို့ ဆရာဆရာမတွေကပဲ လမ်းပြပေးနေခြင်းဖြစ်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ပညာနဲ့ တော်လှန်နေကြတဲ့ဆရာဆရာမတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ဖြစ်လို့ လမ်းချင်းတူလို့ လူချင်းဆုံကြရတာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ပြုလုပ်တယ်လို့ အာဏာသိမ်းစစ်တပ်က စွပ်စွဲပြီး အာဏာသိမ်းယူမှုကို မဲရုံတွေမှာ အဓိက တာဝန်ယူခဲ့ကြတဲ့ ဆရာဆရာမတွေကလက်မခံဘဲ စစ်တပ်ရဲ့အာဏာသိမ်းရန် ကြိုးပမ်းမှုကို ရဲဝံ့စွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး CDM လှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ