စစ်တပ်က မိုင်းအသစ်တွေဆက်ထောင်တယ်လို့ ဒေသခံအချို့ပြော
အောက်တိုဘာ-၅၊၂၀၂၅။လူအေး/People’s Spring
စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ နောင်ပိန်တိုက်နယ်မှာ မိုင်းရှင်းလင်းရေးမလုပ်ရသေးဘဲ စစ်ဘေးရှောင်တွေကို နေရပ်ကိုပြန်လာခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်ကောင်က သြဂုတ်လလယ်မှာ လေကြောင်းအကူအညီနဲ့စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းမှာပြန်လည်ထိန်းချုပ်ထားတာပါ။

Public Service Announcement
ကျောက်မဲမြို့ကိုလည်း အောက်တိုဘာ ၂ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဒေသခံတွေကို အမြန်ပြန်လာကြဖို့နဲ့ အကြောင်းပြချက်မရှိဘဲပြန်မလာတဲ့သူတွေကို နေအိမ်ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။
” နောင်ပိန်တိုက်နယ်တခုလုံးကိုလည်း စစ် ကောင်စီက ထိန်းချုပ်ထားတယ်။ တိုက်ပွဲကာလတုန်းက မိုင်းတွေကိုမရှင်းတဲ့အပြင် မိုင်းအသစ်တွေ ထပ်ထောင်နေတယ်ဗျ။ ရွာအပြင်ဘက်တွေမှာ ထောင်တာ။ ပြန်လာဖို့လည်း ကြေညာထားတယ်။ ကျတော်တို့ ဘာဆက်လုပ်ရမယ်ဆိုတာမသိဘူးဖြစ်နေတယ်” လို့ နောင်ပိန်တိုက်တယ်ကနေစစ်ဘေးရှောင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ နောင်ပိန်တိုက်နယ်အတွင်း ကျန်ရှိနေတဲ့သူတွေက ပြန်လည်ထူထောင်ရေးစတင်နေပြီး အကူအညီတွေလိုအပ်နေတယ်လို့ပြောဆိုနေကြပါတယ်။ ဒါပေမယ့် မိုင်းအန္တရာယ်ကြီးနေပြီး ကိုယ့်နေအိမ်ခြံဝင်းထဲမှာ မိုင်းတွေ့ရင် အကြောင်းကြားဖို့၊ ကျေးရွာပတ်ဝန်းကျင်ကိုသွားလာတဲ့အခါ မိုင်းအန္တရာယ်သတိပြုကြဖို့ လူမှုရေးအဖွဲ့တွေက အသိပေးထားကြပါတယ်။
ဒါ့အပြင် နောင်ပိန်တိုက်နယ်ထဲက ကျေးရွာပေါင်း၁၅ရွာထက်မနည်း စစ်ဘေးရှောင်နေကြရပြီး မရှောင်ဘဲကျန်နေခဲ့တဲ့ဒေသခံအချို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ မိုင်းထိမှန်ပြီးထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ကိုလည်း အောက်တိုဘာ ၁ရက်မှာ စစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကို ဆက်တိုက်ပို့ဆောင်နေပါတယ်။ မိုင်းတွေရှင်းလင်းထားခြင်းမရှိပေမယ့် ဒေသခံတွေပြန်လာဖို့ ဖိအားပေးနေတယ်လို့ သတင်းရရှိပါတယ်။
“ တိုက်ပွဲထဲမှာ ကျွန်မတို့ပြည်သူတွေက တကယ့်ကိုမြေစာပင်ပဲ။ TNLA ထိန်းချုပ်ထားတဲ့ကာလတုန်းက မြို့မှာကျန်နေခဲ့တဲ့သူတွေကို စစ်တပ်ကပစ်မှတ်ထားနေတယ်။ မပြန်ရဲကြဘူးလေ။အရမ်းဒုက္ခရောက်တယ်” လို့ ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။
ကျောက်မဲမြို့ပေါ်နဲ့ ကျေးရွာတွေမှာ မြေမြုပ်မိုင်းတွေရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ကျောက်မဲမြို့ အေးချမ်းသာသုသာန်အနီးမှာ စက်တင်ဘာ၂၉ရက်ကမိုင်းနှစ်လုံးပေါက်ကွဲပြီးအမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။
မိုင်းအန္တရာယ်ကိုဒေသခံတွေက စိုးရိမ်နေပေမယ့် ဖြေရှင်းပေးမယ့်အခြေအနေတွေမမြင်ရပဲ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ကိုသာ စစ်ကောင်စီကကြိုးစားနေတယ်လို့ မြို့ခံတစ်ချို့ကပြောပါတယ်။
နောင်ပိန်တိုက်နယ်နဲ့ကျောက်မဲမြို့နယ်ထဲကတိုက်ပွဲတွေကြောင့် ဒေသခံ လူဦးရေ ၃၀၀၀၀ ထက်မနည်းဟာ မန္တလေး၊ လားရှိုး၊ သီပေါနဲ့ အခြားနီးစပ်ရာမြို့နယ်တွေမှာ တိမ်းရှောင်နေကြရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။
၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ ယခုအခါ ကျောက်မဲမြို့ကိုလည်းထပ်မံလက်လွှတ်လိုက်ရပြန်ပါတယ်။
ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရတာဟာ လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Spring ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ကျန်တဲ့မြို့နယ်တွေကိုလည်း ဆက်ပြီးတိုက်ခိုက်မယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေ ရေးသားနေကြပြီး အောက်တိုဘာလ၁ရက်ကနေ ဒီနေ့ အောက်တိုဘာ ၅ရက်ကြားမှာ မိုးကုတ်၊ နမ္မတူ၊ မန်တုံ၊ နန့်ဆန်၊ သီပေါမြို့တွေကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။

















































