close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာနှစ်လအတွင်းစစ်တပ်ရွေးကောက်ပွဲအတွက်ပြင်​နေတဲ့ နေရာ ၁၃ခု တိုက်ခိုက်ခံရ

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ် နဲ့ စက်တင်ဘာနှစ်လအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ နေရာ ၁၃ ခုကို ရန်ကုန်မြို့ပြ‌အဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၁ နှစ်ဆန်းပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို စစ်သားနဲ့ရဲ​တွေကအကြမ်းဖက်ဖြိုခွင်းဖမ်းဆီးရန်ပြင်ဆင်​နေစဥ်။ဓာတ်ပုံ - AFP/Fileဓာတ်ပုံ - AFP/File

အောက်တိုဘာ-၄၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ် နဲ့ စက်တင်ဘာနှစ်လအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ နေရာ ၁၃ ခုကို ရန်ကုန်မြို့ပြ‌အဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် အများဆုံးကူညီပေးနေတာကြောင့် နှစ်လအတွင်း တိုက်ခိုက်ခံရမှု အများဆုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေဖြစ်ပါတယ်။

တိုက်ခိုက်မှု ၁၃ ကြိမ်မှာ မြို့နယ် ၆ ခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ခုနစ်ရုံးတိုက်ခိုက်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တဲ့နေရာတွေကတော့ လူဝင်မှုကြီးကြပ်ရေးရုံး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သုံးရုံး ၊ ယာဉ်ထိန်းတပ်ဖွဲ့ ရုံး တစ်ရုံးနဲ့ ရဲစခန်းတို့ ပါဝင်ပါတယ်။

တိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့တဲ့ အဖွဲ့ကတော့ Yangon Army ဖြစ်ပြီး တဖွဲ့ချင်းရော ၊မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှု‌ ပေါင်း ငါးကြိမ်ပြုလုပ်ခဲ့ပါတယ်။

ကျန်တဲ့ အဖွဲ့တွေအနေနဲ့ အနောက်ပိုင်းခရိုင် ပကဖ က လေးကြိမ် ၊ မြို့ပြကြွက် နဲ့ Operation Flame က သုံးကြိမ်စီ ၊ လသာ ၊ ကြည့်မြင်တိုင် ၊ မြောက်ဥက္ကာလပ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ Yangon UG People Armyတို့က နှစ်ကြိမ်စီ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် Yangon Army အနေနဲ့ လှည်းကူးမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကို စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လုပ်ဆောင်တာတွေ ရပ်တန်းကရပ်ဖို့ နောက်‌‌ဆုံးအကြိမ် သတိပေးခဲ့တာလည်း ရှိပါတယ်။

ဒီလိုသတိပေးရတာက ပြည်သူတွေ အပေါ် ဖိနှိပ်ခံရတဲ့ အကြောင်းကို တိုင်ကြားမှုတွေ များတာကြောင့် သတိပေးစာပို့ပေးခဲ့တာဖြစ်ပြီး မလိုက်နာရင်တော့ သတိပေးထားတဲ့ အတိုင်းအရေးယူသွားမယ်လို့ Yangon Army ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ ရွေးကောက်ပွဲအတွက် အားတတ်သရော လုပ်ဆောင်နေကြတဲ့ ကောင်တွေကို စာရင်းအသေးစိတ်ပြုစုထားတယ်။ တစ်ချိန်မဟုတ် တစ်ချိန် လုပ်နေတဲ့ကောင်တွေဆီ ကျနော်တို့ အရောက်လာမယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Operation Flame အဖွဲ့အနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ကူညီလုပ်ဆောင်နေသူတွေကို Fire Power အထူးစစ်ဆင်ရေးလို့ အမည်ပေးပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

မြို့ပြအဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေကို လက်ပစ်ဗုံးတွေ မိုင်းတွေနဲ့ အဓိက ပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေရှိပေမယ့် လူထုနွေဦးအနေနဲ့ သီးသန့်အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ရန်ကုန်မြို့ပြက စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေပိုခံလာရသလို မတရားဖမ်းဆီးအရေးယူမှူတွေလည်း ပိုမိုလုပ်ဆောင်လာကြပါတယ်။

မြို့ပြအဖွဲ့တွေရဲ့ ပြောကြားချက်အရ အုပ်ချုပ်ရေးမှူးအများစုက လူမိုက်တွေမွေးပြီး လူငယ်တွေကို မတရားဖမ်းဆီးကာ စစ်မှူထမ်းအတွက် လိုအပ်တဲ့ နေရာတွေကို ရောင်းစားတဲ့ လူကုန်ကူးမှု‌တွေ ကိုပါ လုပ်‌နေတယ်လို့သိရပါတယ်။

မြို့ပြအဖွဲ့တွေ အနေနဲ့ကတော့ စစ်ကောင်စီရွေးကောက်ပွဲအတွက်ကူညီသူတိုင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ်သတိပေးထားကြပါတယ်။

ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တတ်နိုင်တဲ့ဘက်ကဆန့်ကျင်ကြဖို့ မြို့ပြ အဖွဲ့တွေက တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ ထွက်ပေါက် အနေနဲ့ရွေးကောက်ပွဲကို အကောင်အထည်ဖော်နိုင်ဖို့ သူတို့လက်အောက်ခံ အဖွဲ့အစည်းတွေကို ဖိအားပေးလုပ်‌ဆောင်‌ နေတာပါ။

ပြည်သူတွေကိုလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန့်ကျင်မှုမပြုလုပ်နိုင်ဖို့အတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်မယ့် ပုဒ်မတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားတာပါ။

ဒါပေမယ့်လည်း ရန်ကုန်က မြို့ပြအဖွဲ့တွေကတော့ သူတို့စကားအတိုင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ကူညီနေသူတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။

ဆက်စပ်သတင်းများ