အောက်တိုဘာ-၃၊၂၀၂၅။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ စက်တင်ဘာအတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ဒေသရှိ မြို့နယ်သုံးခုက ဒေသခံ ပြည်သူ ၂၃ဦးသေဆုံးကာ ၄၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ အောက်တိုဘာ ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာစက်တင်ဘာလအတွင်း ရက္ခိုင်ပြည်နယ် ကျောက်တော်၊ သံတွဲနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
လေကြောင်း တိုက်ခိုက်ခံရလို့ ကျောက်တော်ဒေသခံ ၂၀ဦးသေဆုံးကာ ၂၁ဦး ဒဏ်ရာရရှိခဲ့ပြီး သံတွဲမှာ ၁ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပလက်၀မှာ ၂ဦးသေဆုံးကာ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement
သေဆုံးသူ ၂၃ယောက်မှာ အမျိုးသား ၂၃ဦး၊ အမျိုးသမီး ၄ဦး ပါဝင်ပြီး အများစုက စက်တင်ဘာ ၁၃ရက်မနက်အစောက ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်က ကျောင်းသားကျောင်းသူတွေဖြစ်ပါတယ်။ သရက်တပင်ရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားကျောင်းသူ ၂၀ဦး သေဆုံးခဲ့ရတာပါ။
ဒါ့အပြင် စက်တင်ဘာလ လေကြောင်း တိုက်ခိုက်ခံရမှုတွေမှာ ဒဏ်ရာရသူ ၄၉ ဦးရှိပြီး အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၂၀ဦး ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ AAတို့ဟာ ရက္ခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေနဲ့ ရက္ခိုင်ပြည်နယ် အစပ် နေရာ သုံးခုမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အထိအခိုက်အကျအဆုံးများစွာကြုံနေရပြီး တပ်ပျက်နေကြောင်း AAက စက်တင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ထားပြီး စစ်ကောင်စီက လေကြောင်း၊ရေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေပိုလုပ်လာနိုင်လို့ စစ်ရေးသတိရှိဖို့ လေကြောင်း၊ရေကြောင်း၊ လက်နက်ကြီးရန် သတိပိုထားဖို့ အသိပေးတိုက်တွန်းထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက်ပြောင်ပြောင် တင်းတင်း ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ထားပါတယ်။

















































