close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းကို AA ချေမှုန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့နေရာကို ဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ထက်မနည်းသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ-၃၊ ၂၀၂၅။ လူအေး/People’s Spring

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့နေရာကို ဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ထက်မနည်းသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီစစ်ကြောင်းလိုက် ချေမှုန်းခံရတဲ့ စစ်ကြောင်းကို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးတစ်ဦး ဦးဆောင်လာတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ဖြူမြို့ လိပ်ခမော်၊ ပျားတဲ၊ သပြုတောင်၊ ကုလားဘာရွာနဲ့ မလကျွန်းအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတာပါ။ စစ်ကောင်စီစစ်ကြောင်းအထိနာသွားတဲ့နေရာကတော့ ကျောက်ဖြူမြို့နဲ့ ၁၀မိုင်ခန့်အကွာမှာရှိတဲ့ ကုလားဘာရွာအနီး ဂေါ်တူတောင်တန်းမှာ စက်တင်ဘာ ၂၉ရက်ကဖြစ်ပွားခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

“ စစ်ကောင်စီရဲ့တပ်ရင်းနဲ့ သေတဲ့ ဗိုလ်မှူးအမည်ကိုတော့ ကျနော်တို့စုံစမ်းဆဲပဲ။ ဒီနောက်ပိုင်းမှာ ရောက်လာတဲ့ ဗိုလ်မှူးဦးဆောင်တဲ့ စစ်ကြောင်း အယောက်သုံးဆယ်လောက်အထိသေတာတော့ ကျနော်တို့သတင်းရထားတယ်။ အဲဒီစစ်ကြောင်းပြန်ဆုတ်သွားပြီး နောက်ထပ်စစ်ကြောင်းထပ်ဝင်လာတယ်။ တိုက်ပွဲကဆက်ဖြစ်နေပြီး ပြင်းလည်းပြင်းထန်ပါတယ်” လို့ သူက ပြောပါတယ်။

AAက ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ဇန်နဝါရီလမှစတင်ပြီး အရှိန်မြှင့်ခဲ့တာပါ။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းတွေကို သိမ်းယူနိုင်တဲ့အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့ပါတယ်။ အဲဒီကာလမှာ စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်ပြီး AA ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်သလို ပင်လယ်ထဲကနေလည်း ရေတပ်က ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကြောင်းတွေထိုးလာပြီး AA ထိန်းချုပ်ထားတဲ့စခန်းတချို့ကို ပြန်လည်သိမ်းယူသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာလဆန်းမှာတော့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး စခန်းတချို့ကို AAက ပြန်သိမ်းခဲ့ပါတယ်။

ဩဂုတ် ၂၀ရက် ပတ်ဝန်းကျင်က လိပ်ခမော်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းလိုက်ပြုတ်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီရက်ပိုင်းတိုက်ပွဲတွေမှာ ကျောက်ဖြူနဲ့ ရမ်းဗြဲကျွန်းဆက်စပ်ပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်သင်္ဘောတွေထဲက တစ်စီးကို ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့တာမှာ ထိမှန်ပြီး မီးလောင်ပျက်စီးသွားတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာနတချို့ကို ဖြေကြားခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ AAက သီးခြားသတင်းမထုတ်ပြန်သေးပေမယ့် ရခိုင်ပြည်နယ်က သုံးနေရာမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီထိခိုက် သေဆုံးမှုများပြားနေတယ်လို့ စက်တင်ဘာ ၂၈ရက် ညမှာ ထုတ်ပြန်ထားပါတယ်။ တပ်ပျက်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ် သတိပေးချက်ကို AAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ