အောက်တိုဘာ-၃၊၂၀၂၅။တိုးနေဝင်း/People’s Spring
ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ရိုက်ကူးပေးထားတဲ့ မဲစာရင်းစစ်ဖို့ ရုပ်မြင်သံကြားဇာတ်လမ်းတိုကို အာဏာသိမ်းစစ်အုပ်စုက အခုမှ ရိုက်ထားသယောင် ပုံမှားရိုက်ပြီး MRTV ကနေ ထုတ်လွှင့်နေပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ထောင်မင်းသားနှင့်တွေ့ဆုံခြင်းလို့ အမည်ပေးထားတဲ့ အဲဒီရုပ်သံဇာတ်လမ်းတိုမှာ မဲစာရင်းသွားကြည့်ကြဖို့ ပြေတီဦးက တိုက်တွန်းပေးထားတာကို တွေ့ရပါတယ်။ အာဏာသိမ်းကာလအစောပိုင်းမှာ ဆန္ဒပြခဲ့လို့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဇနီးမောင်နှံနှစ်ဦးလုံး ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန်ချန်နယ်တွေက သူတို့ဇနီးမောင်နှံကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကပ်နေပေမယ့် ပြည်သူအများစုက မကြည့်ကြတဲ့အချိန်မှာ ဒီရုပ်သံကို MRTV ကထုတ်လွှင့်လာတာဖြစ်ပါတယ် ။ စစ်တပ်ရွေးကောက်ပွဲကိုအယုံအကြည်မရှိသလို စိတ်မဝင်းစားလို့ မဲစာရင်းကိုမကြည့်တာလို့ ပြည်သူအချို့ကပြောပါတယ်။

Public Service Announcement
အခု ရုပ်သံဇာတ်လမ်းတို ထွက်လာတော့ အာဏာရှင်ကိုဆန့်ကျင်သူတွေက ပြေတီဦးအပေါ် အထင်အမြင်လွဲမှားမှုတွေ ရှိလာတယ်လို့ ပြည်သူအချို့ကပြောပါတယ်။ စစ်ကောင်စီဟာ သူတို့အတွက်လည်း ဝါဒဖြန့်ရင်း ပြည်သူနဲ့အနုပညာရှင်ကို ရန်တိုက်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
သာမန်ကြည့်ရင်ကို အဲဒီရုပ်သံဇာတ်လမ်းတိုဟာ အခုရိုက်ထားတာမဟုတ်ဘူးဆိုတာ အင်မတန်သိသာပါတယ်။ ပါဝင်တဲ့ ပြေတီဦး၊ နေထွဋ်နဲ့ မြင့်မြင့်ခိုင်တို့ဟာ လက်ရှိအရွယ်ထက် ၁၀ နှစ်ဝန်းကျင်ငယ်စဥ်ကရိုက်ကူးထားတာမိူ့ သိသိသာသာ နုပျိုနေကြပါတယ်။ ဇာတ်ကားပြီးလို့ စာတန်းထိုးချိန်မှာ ပြေတီဦးကို သုံးထပ်ဆင့်အကယ်ဒမီလို့ ထိုးထားပါတယ်။ ပြေတီဦးဟာ အကယ်ဒမီ ငါးဆု ရရှိပြီးပါပြီ။
တကယ်တော့ အဲဒီရုပ်သံဇာတ်လမ်းတိုဟာ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲအတွက် ရိုက်ကူးပေးခဲ့တဲ့ ဇာတ်လမ်းတိုသာဖြစ်ပါတယ်။ အဲဒီရုပ်သံကို အတူတကွမဲပေးကြစို့ Let’s Go Vote Together facebook page ကနေ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့က တင်ထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ (Screen Shot တွင်ရှု)
ပြေတီဦးတင်မကဘဲ အခြားသရုပ်ဆောင်တွေနဲ့ အဆိုတော်တွေရဲ့ ရွေးကောက်ပွဲအကြို ပညာရေးရုပ်သံတွေ၊ သီချင်းတွေကိုလည်း စစ်ကောင်စီက လက်ရှိရိုက်ထားသလိုပုံစံနဲ့ MRTV နဲ့ မြန်မာ့အသံ ရေဒီယိုကနေ ထုတ်လွှင့်နေတယ်လို့ သိရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ ပြည်ခိုင်ဖြိုးပါတီအနိုင်ရဖို့ ရွေးကောက်ပွဲကြိုကာလမှာ စစ်အုပ်စုက အမျိုးမျိုးအသာစီးယူခဲ့ပေမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း တဲ့ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံအမတ် နေရာ ၄၉၈ နေရာမှာ ၃၉၀ နေရာ အနိုင်ရပြီး အပြတ်အသတ်အောင်ပွဲခံပြီးအစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ စစ်သားကနေ ယူနီဖောင်းပြောင်း ဝတ်ထားတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာကျင်းပခဲ့ပေမယ့် NLD ပါတီအပါအဝင် ဒီမိုကရေစီအရး တစိုက်မတ်မတ်လုပ်တဲ့ အတိုက်အခံပါတီတွေ ပါဝင်ယှဥ်ပြိုင်သလို ၊ရွေးကောက်ပွဲအတိုင်ခင် နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးပြီရွေးကောက်ပွဲယှဥ်ပြိုင်ခွင့်ပြုတာ ၊ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့နိုင်ငံတကာအဖွဲ့တွေ ကိုခွင့်ပြုတာ ၊မီဒီယာလွတ်လပ်ခွင့်ပေးထားသလို နိုင်ငံတကာမီဒီယာတွေကို လွတ်လွတ်လပ်လပ်သတင်းယူခွင့်ပြုတာ ၊ ပြည်သူတွေကိုခြိမ်းခြောက်တာမရှိပဲလွတ်လပ်စွာမဲပေးခွင့်ပြုတာ၊ရွေးကောင်ပွဲဥပဒေတွေကို ပါတီတွေအတွက်ဖြေလျှော့တာ စတဲ့အချက်တွေကြောင့် အတိုင်းအတာတစ်ခုထိလွတ်လပ်မျှတ တဲ့ရွေးကောက်ပွဲလို့နိုင်ငံတကာက သတ်မှတ်ကြပါတယ်။ လက်ရှိစစ်တပ်က စိတ်တိုင်းကျလုပ်မယ့်ရွေးကောက်ပွဲကိုတော့ အာဏာသိမ်းခေါင်းဆောင်တွေရဲ့နိုင်ငံရေးထွက်ပေါက်အတွက်လုပ်မယ့် ဟန်ပြရွေးကောက်ပွဲလို့ တော်လှန်ရေးအင်အားစုတွေကကြေညာထားပါတယ်။ အမေရီကန် အပါအဝင် ဒီမိုကရေစီနိုင်ငံတွေကလည်းစစ်တပ်ရွေးကောက်ပွဲကိုလက်မခံဘူးလို့ပြောထားကြပါတယ် ။
(ပြေတီဦးသရုပ်ဆောင်ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုက်ကူးခဲ့တဲ့ “ ထောင်မင်းသားနဲ့တွေ့ဆုံခြင်း” ဇာတ်လမ်းကို ၂၀၁၅ ဇွန်လ ၃ ရက်ကထုတ်လွှင့်ခဲ့စဥ် / အာဏာသိမ်းစစ်အုပ်စုရဲ့ MRTV က ၂၀၂၅ ရွေးကောက်ပွဲအတွက် ပြေတီဦးကရိုက်ကူးပေးသယောင်ထုတ်လွှင့်နေစဥ်။

















































