“မကြာမီ အချိန်အတွင်းမှာ တိုးတက်ပြောင်းလဲမှုတွေနဲ့ စုစည်းညီညွတ်ပေါင်းစပ်မှုတွေ ပေါ်ပေါက်လာမယ်လို့ မြင်ပါတယ်”
အောက်တိုဘာ-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်တပ်အာဏာသိမ်းစ ၂၀၂၁က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ယခုနှစ်မှာ လက်ရှိပုံစံအတိုင်းသွားလို့မရတော့ဘဲ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ ဖွဲ့စည်းမှု လုပ်ဖို့ဆွေးနွေးသဘောတူညီထားတယ်လို့ NUG ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။
NUG သတင်းပြန်ကြားရေးဌာန PVTV က ဒေါက်တာဇော်ဝေစိုးနဲ့ မေးမြန်းချက်ကို ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ ဖော်ပြခဲ့ရာ ဝန်ကြီးက အခုလို ရှင်းပြတာပါ။

Public Service Announcement
“၂၀၂၁ တုန်းက ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီ ၂၀၂၅မှာ ဆက်ပြီးတော့ ဒီလိုပုံစံမျိုးအတိုင်း သွားလို့မရတော့ဘူး။ အားလုံးပါဝင်တဲ့ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ဖွဲ့စည်းမှု စုစည်းမှု တည်ဆောက်မှုမျိုးနဲ့ဆက်သွားဖို့ လိုတယ်ဆိုတာကို ကျနော်တို့တတွေအားလုံး ဆွေးနွေးဖြစ်ကြတယ်။ တိုင်ပင်ဖြစ်ကြပါတယ်။ အားလုံးလည်း သဘောတူကြပါတယ်” လို့ ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။
အခုနှစ် ဇူလိုင်လအတွင်းမှာ ဒေါက်တာဇော်ဝေစိုးက ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်တို့နဲ့အတူ သီးခြားစီ တွဲရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ဖော်ပြပြီး အနာဂတ် မှာ ခေါင်းဆောင်တွေရဲ့ အရေးပါမှု အကြောင်းရေးသားခဲ့ရတဲ့ အခြေအနေကို ပြန်လည်ပြောပါတယ်။
“ဗိုလ်ချုပ်တွေ ခေါင်းဆောင်တွေကို ပြောခဲ့သလိုပါပဲ အခု အချိန် မြန်မာနိုင်ငံရဲ့ အနာဂတ် ကျနော်တို့ တော်လှန်ရေးရဲ့ အနာဂတ်ဟာ ခေါင်းဆောင်တို့ ဗိုလ်ချုပ်တို့ရဲ့ ပုခုံးပေါ် မှာ ရောက်နေပြီ။ခေါင်းဆောင်တို့ ဗိုလ်ချုပ်တို့ ပါဝင်မှသာလျင် ကျနော်တို့ တော်လှန်ရေးကို အမြန်ဆုံးနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ် တိုက်ပွဲဝင်နိုင်မယ်ဆိုတာ ကျနော်တို့ပြောဖြစ်ပါတယ်။ ပြောဖြစ်သလိုပဲ အဖွဲ့အစည်းတိုင်း ခေါင်းဆောင်တိုင်းက ယုံကြည်တယ်ဆိုတာ Informal meeting(အလွတ်သဘောတွေ့ဆုံမှု)တွေမှာ တွေ့ရှိခဲ့ရပါတယ်”လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
၂၀၂၅၊ ၂၀၂၆ တွေမှာ တစုချင်းတဖွဲ့ချင်း တဒေသချင်း စဉ်းစားရမယ့် တော်လှန်ရမယ့် အချိန်မဟုတ်တော့ဘဲ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တက်ညီလက်ညီ အလုပ်လုပ်ရတော့မယ့်အချိန် တော်လှန်ရတော့မယ့် အချိန် တိုက်ပွဲဝင်ရတော့မယ့် အချိန်ဖြစ်တယ်လို့လည်း တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေကိုပြောဖြစ်ခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
“ အားလုံးကလည်း ယုံကြည် လက်ခံကြပါတယ်။ဒါကြောင့် မကြာမီ အချိန်အတွင်းမှာ တိုးတက်ပြောင်းလဲမှုတွေနဲ့ စုစည်းညီညွတ်ပေါင်းစပ်မှုတွေ ပေါ်ပေါက်လာမယ်လို့ မြင်ပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
ဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာ အခုနှစ်ဆန်းပိုင်းမှာ မြန်မာပြည်ကိုပြန်လည်ရောက်ရှိလာပြီးနောက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်တွေကို အချိန်ပေးသွားရောက်တွေ့ဆုံကာ တော်လှန်ရေးပိုအားကောင်းအောင်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
တော်လှန်ရေးအားကောင်းအောင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စုစည်းညီညွတ်ခြင်း ပါဝင်ခြင်းက အရေးကြီးပြီး အားလုံးက ကြိုးစားနေကြောင်းလည်း ဝန်ကြီးက သတင်းစကားပြောကြားပါတယ်။

















































