စက်တင်ဘာ-၁၆၊၂၀၂၅။သတိုး၊သုည/People’s Spring
ရန်ကုန်မြို့၌ စစ်ကောင်စီလုံခြုံရေးတင်းကြပ် ထားသည့် မြို့တော်ခန်းမကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force ( FLA )က ထုတ်ပြန်သည်။
စက်တင်ဘာ ၁၆ရက် နံနက် ၆နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံး ဘေးကင်းကြောင်း ထုတ်ပြန်ထားသည်။
“ မနက်က ၆ နာရီခွဲလောက်က ဆူးလေဘုရားနားမှာ ဗုံးပေါက်သံလိုမျိုး အသံအကျယ်ကြီး ကြားလိုက်ရတယ်။ မြို့တော်ခန်းမရှေ့မှာ ပေါက်တာလို့တော့ သိရတယ်။ ရဲကား၊ စစ်ကား၊ အိမ်စီးကားတွေနဲ့ စခတော်တော်များများ အဲ့နားမှာ ပတ်စစ်နေတာ တွေ့ခဲ့ရတယ်။ လမ်းတော့မပိတ်ထားဘူး။ Taxi ကားအချို့ကို တားပြီးစစ်နေတာ တွေ့ခဲ့တယ်” ဟု ကျောက်တံတားမြို့နယ်နေ ပြည်သူတဦးက ပြောသည်။

Public Service Announcement
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု FLA က မြေပြင်အခြေအနေကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးသည့်အချိန်ကတည်းက မြို့တော်ခန်းမပတ်ဝန်းကျင်၌ အတားအဆီးများချကာ လုံခြုံရေးတင်းကြပ်ထားသည်။
မြို့တော်ခန်းမအနီးရှိ မဟာဗန္ဓုလပန်းခြံလမ်းကိုလည်း ပြီးခဲ့သည့်လပိုင်းကမှ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
FLA အနေဖြင့် ရန်ကုန်မြို့ပြအတွင်း နိုင်ရာဝန်အင်အားဖြင့်စစ်ကောင်စီကို ပြည်သူလူထုနှင့် အတူ တွန်းလှန် ခုခံသွားမည်ဟု ထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်လအတွင်းကလည်း အာဏာသိမ်းစစ်ကောင်စီတပ်သားများ တပ် ဆွဲထားသည့် မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးသည်။
