People’s Spring
မြန်မာနိုင်ငံအတွက် ထောက်ပံ့ ပေးပို့နေတဲ့ အကူအညီ အားလုံးကို ၂၀၂၆ ခုနှစ်မှာရပ်တန့်တော့မယ်လို့ ဆွီဒင်က အတည်ပြုခဲ့ပါတယ်။
အမေရိကန် အစိုးရက ထောက်ပံ့မှုတွေ ရပ်စဲကြောင်း ကြေညာပြီး လပိုင်းအကြာမှာ ဆွီဒင်ကလည်း အလားတူ ခြေလှမ်းမျိုးဆီ ဦးတည်လာတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အကြီးအကျယ် ထိခိုက်စေဖွယ် ရှိပါတယ်။
ဆွီဒင်က မြန်မာအတွက် အထောက်အပံ့တွေ ရပ်စဲရာမှာ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဆီ နှစ်စဉ် ပံ့ပိုးနေတဲ့ ဒေါ်လာ ၂.၆၅ သန်းလည်း အကျုံးဝင်မယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ဆွီဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ စစ်အာဏာရှင် ဖိနှိပ်မှုအောက်မှာ နိုင်ငံတကာ အထောက်အပံ့တွေနဲ့ လုပ်ငန်းဆက်ပြီး လည်ပတ်နေရာတဲ့ မြန်မာ့ အရပ်ဖက် အဖွဲ့အစည်းတွေကို သက်ရောက် ထိခိုက်စေမှာ ဖြစ်ပါတယ်။

Public Service Announcement
အစဉ်အလာ အားဖြင့်တော့ ဆွီဒင်နဲ့ အမေရိကန်တို့ဟာမြန်မာ့ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေး ကဏ္ဍတွေမှာ အဓိက အကျဆုံးထောက်ပံ့လှူဒါန်းနေခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။အဲဒီနှစ်နိုင်ငံဆီက အကူအညီတွေ ရုပ်သိမ်းမှုဟာ ငွေကြေးနစ်နာဆုံးရှုံးမှု သက်သက်တင်မကဘဲဂျာနယ်လစ်တွေ၊လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ အတွက် စိတ်ဓာတ်ရေးရာ ထိုးနှက်ချက်လည်း ဖြစ်စေနိုင်တယ်လို့ Human Rights Myanmarက ထုတ်ပြန်ခဲ့ပါတယ်။
ဆွီဒင်ကတော့ အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အဓိက အကြောင်းပြချက်နှစ်ခု ပေးခဲ့ပါတယ်။ တစ်ခုက ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်း နိုင်ငံဆီ အထောက်အပံ့တွေ ပိုမို ပေးပို့နိုင်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်မှု ပိုမိုဆိုးရွားကြမ်းတမ်းလာခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ လေ့လာ စောင့်ကြည့်သူတွေကတော့ ဒီကိစ္စဟာဆွီဒင်ရဲ့ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲတွေရဲ့ အစိတ်အပိုင်း တစ်ခုလို့ သုံးသပ်ကြပါတယ်။
မူလက ဆွီဒင်ဟာ နိုင်ငံဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းကို ဖွံ့ဖြိုးရေး အကူအညီတွေအတွက် လှူဒါန်းနေခဲ့ရာကနေ အခုအခါမှာတော့ ကုန်သွယ်ရေးနဲ့ ရွှေ့ပြောင်းအခြေချမှု ကိစ္စတွေအပေါ် ပိုမို အာရုံစိုက်ဖို့ ရည်ရွယ်လာပါတယ်။
အကဲခတ်တွေကတော့ ဆွီဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာမှာ ကြုံနေရတဲ့ အရှိတရားတွေကို မျက်ကွယ်ပြုထားရာ ရောက်နေကြောင်း ဝေဖန်ပြီး လောလောဆယ် မြန်မာနိုင်ငံက မီဒီယာနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေဟာပိုပြီး ပြောင်းလွယ်ပြင်လွယ် ချဉ်းကပ်မှုမျိုးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ဒေသခံအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ အထောက်အပံ့တွေချက်ချင်းရပ်လိုက်မယ် ဆိုတာကနိုင်ငံတကာအလှူရှင်တွေလေးစား လိုက်နာရမယ့် အခြေခံ ကျင့်ဝတ် စံနှုန်းတွေနဲ့လည်း အံချော်နေတယ်လို့ Human Rights Myanmarက ထောက်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆွီဒင်ဟာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၇၆ သန်းထိ ထောက်ပံ့လှူဒါန်းခဲ့ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်စာတည်းမှာတင် ဒေါ်လာ ၄၁ သန်း ရှိခဲ့ပါတယ်။ အဲဒီ ငွေကြေးထဲက ၈ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ အချိုးအစားကို ဒီမိုကရေစီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီ ထောက်ပံ့နေတာဖြစ်ပြီးအဲဒီထဲမှာမီဒီယာတွေအတွက် တစ်နှစ် ဒေါ်လာ ၂.၄ သန်း နဲ့ လူ့အခွင့်အရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ၂၅၅၀၀၀ တို့လည်း ပါဝင်ကြောင်း သိရပါတယ်။
