စက်တင်ဘာ-၁၃၊၂၀၂၅။လူအေး/People’s Spring
ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးခဲ့သည်။
ရဲဘော်နိုင်မင်းသည် ချောင်းမကျေးရွာမှထွက်လာသော စစ်တပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်နေစဥ် ရှေ့တန်းတစ်နေရာ၌ စစ်ကောင်စီက Y 12 လေယာဉ်ဖြင့် ဗုံးကြဲစဉ် ထိမှန်ကျဆုံးခဲ့ခြင်းဟု ULFကစက်တင်ဘာလ ၁၃ ရက်၌ထုတ်ပြန်သည်။
“ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း(SGG 1104 00002)၏ခေါင်းဆောင်မှုရဲစွမ်းသတ္တိနှင့်စွန့်လွှတ်စွန့်စားမှုတို့ကိုတော်လှန်ရေးသမိုင်းမှာကမ္ဗည်းမော်ကွန်းတင်လျှက် ရဲဘော်တို့၏စိတ်နှလုံးအိမ်တွင်လည်း အစဥ်ထာဝရ ဥဒါန်းတွင်နေမှာဖြစ်သည်”ဟု ULFက ထုတ်ပြန်သည်။

Public Service Announcement
ရဲဘော်နိုင်မင်းသည်အသက် (၄၀)ဝန်းကျင်ရှိပြီး ယင်းမာပင်ခရိုင်အပြင် အညာဒေသမှ တိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်သူဖြစ်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်များက လေးစားကြသည်။ သူ့ဦးဆောင်မှုကို ယုံကြည်ကြသည်။ ယခင်တိုက်ပွဲအချို့တွင်လည်းခြေထောက်နှင့်လက်၌ဒဏ်ရာရခဲ့ဖူးပြီး ဒဏ်ရာဖြင့်ပင် စစ်မြေပြင်၌ ကွပ်ကဲခဲ့သူဖြစ်သည်။
“ကိုနိုင်မင်းကျသွားတာ တော်တော်လေးဆုံးရှုံးမှုကြီးမားတယ်”ဟုရဲဘော်နိုင်မင်း၏ မိတ်ဆွေPDF တဦးကပြောသည်။
ရဲဘော်နိုင်မင်း၏ ဈာပနပြုလုပ်နေစဉ်တွင်လည်း စစ်ကောင်စီက လေကြောင်းမှ ရမ်းသမ်း၍ ဗုံးကြဲခဲ့သည်။သို့သော် ပြည်သူ့ကာကွယ်ရေးတပ်များက စနစ်တကျစီစဉ်နိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့ပေ။
စစ်ကောင်စီစစ်ကြောင်းများသည် မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်းစက်တင်ဘာလဆန်းမှစတင်၍ ကနီမြို့နယ်သို့ဝင်ရောက်လာပြီး ချောင်းမရွာအပါအဝင် ရွာအချို့မှနေအိမ်များကိုမီးရှို့နေ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်၌သေဆုံး၊ထိခိုက်မှုများပြားခဲ့ပြီး စစ်ကြောင်းများပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရသည်။
အမှတ်(၁)စစ်ဒေသက ချောင်းမရွာတိုက်ပွဲထုတ်ပြန်ရာတွင်အင်အား ၁၀၀ ခန့်ပါစစ်တပ်စစ်ကြောင်းသည် ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်းဖော်ပြထားသည်။
