စက်တင်ဘာ-၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွားရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ Black Tiger အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၆ ရက် ည ၇ နာရီခွဲက အုတ်ဖိုမြို့နယ်၊ ကန်သာယာကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးထွန်းသိန်းနှင့် ပျူစောထီးခေါင်းဆောင်လှရွှေဆိုသူတို့ အိမ်ရှေ့ထွက်စကားပြောနေစဥ် Black Tiger တပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“အုပ်ကြီးက ပျူခေါင်းဆောင်လှရွှေအိမ်ရှေ့မှာ နှစ်ယောက် စကားပြောနေတာကို ဝင်ပစ်တာ။ အုပ်ကြီးထွန်းသိိန်း ခေါင်းကို ကျည် ၃ ချက်မှန်ပြီး သေတယ်”လို့ ပစ်ခတ်မှုအခြေအနေကို Black Tiger တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ပစ်ခတ်ခံရတဲ့ အုပ်ကြီးထွန်းသိန်းဟာ နေရာမှာတင် သေဆုံးသွားပြီး ၎င်းထံမှ စစ်မှုထမ်းစာရွက်စာတမ်းတချို့နဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့တာကြောင့် မီးရှို့ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ထွန်းသိန်းဆိုသူဟာ စစ်တပ်ရဲ့အမာခံထောက်တိုင်တစ်ဦးဖြစ်သလို ပြည်သူကို ဖိနှိပ်ဖို့ ပျူစောထီးတွေကို အမိန့်ပေး စေခိုင်းနေသူလည်း ဖြစ်တယ်လို့ Black Tiger တပ်ဖွဲ့က ဆိုပါတယ်။
ပစ်ခတ်ခံရပြီးတဲ့နောက်မှာ ပျူခေါင်းဆောင်လှရွှေဆိုသူဟာ ထွက်ပြေးလွတ်မြောက်သွားပြီး စစ်တပ်သို့ သွားရောက်သတင်းပို့ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကန်သာယာရွာမှ ပြန်မဆုတ်မီ လက် နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ပျူစောထီအဖွဲ့ဝင်ပြည်စုံဆိုသူကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်များက မင်းလှဆည်ဘောင်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
