အာဏာသိမ်းမှုနောက်ဆက်တွဲ တိုင်းပြည်စီးပွားရေး ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၉၄ ဘီလီယံခန့်ရှိ
People’s Spring
စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကစလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ တောက်လျှောက် စိုက်ဆင်းနေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က ဖော်ပြခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းဆီဦးတည်နေမှုအားလုံး ရပ်ဆိုင်းသွားပြီး နိုင်ငံအနှံ့မှာစစ်ပွဲတွေ ပေါ်ပေါက်လာစေတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။ ပြီးတော့ အာဏာသိမ်း စစ်ကောင်စီက အရပ်သား ဧရိယာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်နေတဲ့ အကြောင်းကိုလည်း ကုသလမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Public Service Announcement
တစ်ဖက်မှာတော့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံအနှံ့မှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ ထိန်းချုပ်နယ်မြေတွေ ချဲ့ထွင်လာနေနိုင်တာကိုလည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရန်လိုတိုက်ခိုက်မှုတွေ မြင့်တက်လာခြင်းနဲ့အတူလူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍမှာ အကျပ်အတည်းတွေ ဆိုးသထက် ဆိုးလာနေပြီး စစ်ရေး ပဋိပက္ခတွေဟာ ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝအစိတ်အပိုင်းအားလုံးကို သက်ရောက်ရိုက်ခတ်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဗိုလ်ကာတက်ခ်က ပြောပါတယ်။
အစီရင်ခံစာရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှုဟာ စစ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း လတွေအတွင်း အဆိုးဆုံး ဖြစ်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
စစ်ဘောင်ကျယ်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ စီးပွားရေးကိုပါ ထိခိုက်လာစေပြီး စစ်ရှောင်တွေရဲ့ အကျပ်အတည်းကလည်း ဆက်တိုက် ကြီးထွားလာနေပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းမှု နောက်ဆက်တွဲ အဆုံးအရှုံးတန်ဖိုး ဒေါ်လာ ၉၄ ဘီလီယံလောက် ကြုံတွေ့ထားပြီး ကမ္ဘာ့ကပ်ရောဂါမတိုင်ခင် နိုင်ငံ စီးပွားရေးအခြေအနေဆီကို ၂၀၂၈ ခုနှစ် မတိုင်ခင်ပြန်ရောက်နိုင်စရာမရှိဘူးလို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။
ကုန်စျေးနှုန်းတွေ၊ ငွေကြေး ဖောင်းပွမှုတွေကလည်း အရမ်းဆိုးရွားလာနေပြီး ကျပ်ငွေတန်ဖိုးဟာ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားသလို နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲနွမ်းပါးတဲ့ အဆင့်မှာ ဖြတ်သန်းနေထိုင်နေရတယ်လို့လည်း သိရပါတယ်။ မတ်လမှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးကတော့ အခြေအနေတွေကို အဆိုးဆုံးထိ ဆွဲချခဲ့ပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ နိုင်ငံစီးပွားရေးကို ဦးပိုင်လို လုပ်ငန်းစုတွေကနေတဆင့် ချုပ်ကိုင်ထားပြီး လွဲမှားတဲ့ စီးပွားရေးမူဝါဒတွေသတ်မှတ် ကျင့်သုံးနေတာ၊သွင်းကုန်ကဏ္ဍကိုကန့်သတ်တာ၊ ငွေကြေး လွှဲပြောင်းမှုတွေကို ထောက်လှမ်းပြီး ဖိနှိပ်ပိတ်ပင်တာတွေလည်း လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေနဲ့ အဲဒီပြဿနာတွေကို ပေါင်းလိုက်တဲ့အခါ မြန်မာ့စီးပွားရေးက နာလန်ထူဖို့ အရမ်းခက်သွားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အစီရင်ခံစာထဲမှာတော့ စစ်ရှောင်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ မြှင့်တင်ပေးဖို့၊ တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ဒေသဆိုင်ရာ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ ထိတွေ့ဆွေးနွေးမှုတွေ မြှင့်တင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
နောက်ပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တရားမျှတမှု ရှာဖွေနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)လို တရားရေး ဌာနတွေဆီ စီရင်ဆုံးဖြတ်ပိုင်ခွင့် လွှဲပြောင်းရရှိရေးကို တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စိတ်ဓာတ်ခိုင်မာတဲ့၊ ရဲရင့်တဲ့ ပြည်သူတွေဟာ ပိုမိုကောင်းမွန်တဲ့၊ ဒီမိုကရေစီ ပိုမိုပြည့်ဝတဲ့ နိုင်ငံသစ်ဆီ ဦးတည်နေပြီး အဲဒီ အခြေအနေက ငြိမ်းချမ်းတဲ့ အနာဂတ် တစ်ခုအတွက် မျှော်လင့်ချက်တွေကို ရှင်သန်လာစေခဲ့တယ်လို့ တက်ခ်က ပြောပါတယ်။
အဲဒီ အစီရင်ခံစာကို ဇူလိုင် ၁ ရက်နေ့ကျရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ အစည်းအဝေးဆီ တင်ပြသွားမယ်လို့လည်း သိရပါတယ်။
ကိုးကား-UN
