close
Connect with us

Hi, what are you looking for?

သတင်း

ဓနုဒေသတွင် စစ်​ကောင်စီတပ်က အမျိုးသမီး သုံးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်

နိုင်ကျဥ်းအမျိုးသမီးတဦးကိုလည်း လိင်ပိုင်ဆိုင်ရာအကြမ်းဖက် ၊ ဆိုးရွာ​သောလူ့အခွင့်အရေးချိုးဖောက်မှုများကိုတပ်မ(၅၅)အဓိကကျူးလွန်

အစီရင်ခံစာ မျက်နှာဖုံးကို​တွေ့ရစဥ်

ဧပြီ-၂၄၊၂၀၂၅။မိထက်/People’s Spring

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တွင် စစ်ကောင်စီကအရပ်သားများအပေါ် ပစ်မှတ်ထား၍လူ့အခွင့်အရေးချိုးဖောက်မှုများဆိုးရွားနေပြီး အာဏာသိမ်းကာလအတွင်းဒေသခံအမျိုးသမီး ၃ ဦးအားအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့​ကြောင်းရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ကထုတ်ပြန်သည်။

ထိုအပြင်စစ်​ကောင်စီက၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုသောအကျဉ်းသူအချို့အား အမျိုးသမီးလစဉ်သုံးပစ္စည်း ဝယ်ယူခွင့်ကို ပိတ်ပင်တတ်ကြောင်း ဧပြီလ၂၄ ရက်၌ ထုတ်ပြန်သည့် “ဓနုတို့၏ အချက်အချာနယ်မြေတွင်စစ်ကောင်စီကပြင်းထန်စွာ ပိုမိုပြုလုပ်လာသည့်အစုအပြုံလိုက်ညှဉ်းပန်းနှိပ်စက်မှုများ”အစီရင်ခံစာတွင်ဖော်ပြသည်။

အဆိုပါအစီရင်ခံစာတွင် စစ်ကောင်စီတပ်သားများ ကျူးလွန်လျက်ရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ဖော်ပြထားပြီး ၂၀၂၃ ခုနှစ် မေလက တပ်မ (၅၅) တပ်သားများက အမျိုးသမီး ၃ ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့မှု နှင့် ရွာငံမြို့တွင် ဖမ်းဆီးခံရကာ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရပြီးနောက်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရသော အမျိုးသမီးတစ်ဦး အကြောင်းကိုလည်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၂၀၂၃ခုနှစ် မေလက ရွာငံ-သာစည်နယ်စပ် တောအတွင်း၌တိုက်ပွဲဖြစ်ပွားနေစဉ် ​တောအတွင်း စစ်ဘေးရှောင်နေရသော ရွာခံအမျိုးသမီးငယ် ၃ ဦးကိုစစ်ကောင်စီတပ်သား၆ ဦးကအုပ်စုလိုက် အဓမ္မကျင့်ခဲ့ကြသည်ဟုဖော်ပြထားသည်။ ကျူးလွန်ခဲ့သည့်နေ့မှာ မေလ ၆ ရက်ဟုသိရသည်။

ထို့အပြင်အသက်၂၃ နှစ်အရွယ်ရွာငံဒေသခံစစ်ရှောင်ကူညီသူ မမိုးမိုးကို ၂၀၂၃ ခုနှစ်တွင်တပ်မ ၅၅ မှစစ်သားများက နေအိမ်သို့လာရောက်ဖမ်းဆီးခဲ့သည်။ထို​နောက် ရွာငံရဲစခန်းတွင် နည်းမျိုးစုံဖြင့် ရိုက်နှက်နှိပ်စက်ခဲ့သည့်အပြင် စစ်သားများက မမိုးမိုး၏ အမျိုးသမီးအင်္ဂါအတွင်းသို့ ပြင်ပပစ္စည်းများဖြင့် ထိုးသွင်းမှုများ၊ ရင်သားအား ရိုက်နှက်မှုများကိုပါ ပြုလုပ်ခဲ့သည်ဟုလည်းအစီရင်ခံစာက ဆိုသည်။

“ကျမတို့ကနိုင်ငံရေးမှုဆိုတော့ခွဲထားတယ်သူများတွေနဲ့။သူ့(မမိုးမိုး)ကိုဖမ်းခေါ်လာတဲ့နေ့ကဆို စုတ်ပြတ်နေတာပဲ။ လမ်းမှာဖမ်းရင်းနဲ့ ရိုက်လာတာတဲ့။ သူ့အပေါ်ထပ်အင်္ကျီဆိုပြဲပါပြဲတယ်။ နောက်ရက်ကျတော့ ညနေပိုင်းတိုင်း စစ်ကြောရေးဆိုပြီးတော့ သူ့ကိုလာခေါ်ထုတ်သွားတယ်။ ရဲချည်းပဲ မဟုတ်ဘူး။ စစ်ဝတ်စစ်စားနဲ့လည်းပါတယ်။ စစချင်း ၃ ရက်ကတော့ သူအချုပ်ထဲ ပြန်ရောက်လာရင် ပုံမှန်ပဲ။ လေးရက်မြောက်ရက်ကျတော့ညတော်တော်နက်ပြီသူ့ကိုပြန်လာပို့တာ။သူငိုပြီးပြန်လာတယ်။ ကျမကမေးတော့မှ သူ့ရင်ဘတ်ကိုပြတယ်။ ရင်သားတွေက နီရဲပြီး အစင်းကြောင်းတွေနဲ့။ သူတို့မေးတာ မဖြေလို့ အင်္ကျီချွတ်ပြီးခါးပတ်နဲ့ ရင်သားတွေကို ရိုက်တာတဲ့။ပါးတွေလည်း ရိုက်တယ်ပြောတယ်။ နောက်ရက်တွေ မဖြေရင် သူ့ကိုတပ်ထဲက စစ်ကြောရေးပို့မယ်ပြောလာတယ်။နောက်တနေ့ည ၅ ရက်မြောက်ကျတော့ နေ့ခင်းတည်းက လာခေါ်သွားတယ်။ ညဘက်ကျတော့ ပြန်လာပို့တော့ သူက ပျော့ခွေပြီး ရောက်လာပြီ။ မနက်ကို သူ့ကိုနေရာပြောင်းမယ်တဲ့။ကျမငိုပြီးသူဖြစ်တာတွေ ပြောပြခဲ့တယ် အဲဒီတညလုံး။သူ့ကိုလက်သီးနဲ့ ထိုးကြတယ်။ ပြီးတော့ ချုပ်ပြီးအမျိုးသမီးပစ္စည်းထဲကို နံပါတ်တုတ်နဲ့ ထိုးတယ်။သူတို့မေးတာတွေ ထပ်မဖြေရင် နောက်ရက်တွေကျ မုဒိမ်းကျင့်မယ်လို့လည်း ပြောတယ်တဲ့။အဲဒီညကသူ့အင်္ဂါက သွေးတွေထွက်လို့ လုံချည်မှာလည်း သွေးတွေစွန်းတာတွေ့တယ်။ နောက်ရက်မနက်ကျ သူ့ကို တခြားနေရာ ခေါ်ထုတ်သွားကြလို့ ကျမလည်း ဘာဆက်ဖြစ်လဲ သေချာမသိဘူး” ဟု မမိုးမိုးနှင့် ဆုံခဲ့သော နိုင်ငံရေးအကျဉ်းသူတစ်ဦး၏ ပြောဆိုမှုကို ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ကဖော်ပြထားသည်။

ရွာငံရဲစခန်းသည် အချို့သော အကျဉ်းသူများက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါကအမျိုးသမီးလစဉ်သုံးပစ္စည်းများ ဝယ်ယူခွင့်ကို ပိတ်ပင်တတ်ကြောင်းလည်း ဖော်ပြထားသည်။

“ရဲစခန်းမှာကရဲရော၊စစ်တပ်ရောထိုင်တယ်။ တော်လှန်ရေးအားကောင်းလာမှာစိုးပြီးတော့ ပြင်းပြင်းထန်ထန်ကို ဖိနှိပ်တယ်။ တော်တော်ကို ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်”ဟုရွာငံဒေသခံတစ်ဦးက ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်စစ်တပ်က အာဏာသိမ်းမှုကို လက်မခံသည့်လူငယ်များက စစ်သင်တန်းများတက်ရောက်ပြီးနောက် ပြန်လည်တိုက်ခိုက်စဉ် စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများဖြင့်တုံ့ပြန်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။

ရွာငံဒေသ၌အဓိကစစ်ရေးလှုပ်ရှားသောစစ်တပ်မှာ ကလောအခြေစိုက် ခြေမြန်တပ်မ (၅၅) ဖြစ်ပြီး ထိုတပ်မသည် ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်အဓိကတာဝန်ရှိသူ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင်မိတ္ထီလာအခြေစိုက်တပ်မ (၉၉)သည်လည်း ရွာငံဒေသအတွင်းရှိ စစ်ဆင်ရေးများတွင် တခါတရံ ပူးပေါင်းပါဝင်နေပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူဒေသခံပျူစောထီးတပ်ဖွဲ့ဝင်များကလည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိသည်ဟုသိရသည်။

စစ်ကောင်စီတပ်၏ ပိုမိုပြင်းထန်လာသောညှဉ်းပန်းနှိပ်စက်မှုများ၊ အထူးသဖြင့် မီးရှို့ဖျက်ဆီးမှုများကြောင့်နေရပ်စွန့်ခွာထွက်ပြေးသူ၁၀၀၀ ကျော်ရှိလာပြီးဆင်းရဲဒုက္ခများစွာကိုကြုံတွေ့နေရသောလည်းလူသားချင်းစာနာမှုအကူအညီများလုံးဝမရသလောက်နီးပါးဖြစ်နေကြောင်းလည်းပါရှိသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရသော ရွာငံဒေသခံ ကျေးရွာသား ၃၀၀ ဦးအနက် ၁၀၀ ကျော်သည် ထိန်းသိမ်းခံရဆဲဖြစ်ပြီးအချို့ကိုတရားစီရင်ပြီဖြစ်၍အချို့မှာအမှုရင်ဆိုင်နေရကြောင်းသိရသည်။

လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌသည်ပင်းတယမြို့နယ် ကြံ့ခိုင်ရေးပါတီမှ ဦးအာကာလင်းဖြစ်သည်။ရွာငံဒေသတွင်ဖြစ်ပွားနေသည့် စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှုများကိုဦးအာကာလင်းလည်း တာဝန်ခံရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

News

"ရှမ်းတောင်နဲ့ ကရင်နီက လက်တစ်ကမ်းပဲရှိတယ်။ စစ်ခွေးတွေက ကရင်နီကို ကြောက်ပြီး သွားရမှာစိုးလို့ ဓနုမှာလာမွှေနေတာ။ ဒါကို ဒေသခံတွေအားလုံး သိတယ်"ဟု ရွာငံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

News

ပင်းတယတွင် ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP)လည်း လွန်ခဲ့သည့်သုံးလခန့်ကတည်းက ဖွဲ့စည်းပြီးဖြစ်ပြီး စစ်ကောင်စီရုံးဌာနအချို့ကို တိုက်ခိုက်ခဲ့ဖူးသည်။ထို့ပြင် ရွာငံမြို့တွင်လည်း ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) ဖွဲ့စည်းထားသည်။

Facebook