■ ကုန်စည်များကို တင်ပြတာသည်ထက်ပိုမိုသို
လှောင်ပါက ပြင်းထန်စွာအရေးယူမည်ဟုလုပ်ငန်းရှင်များကိုခြိမ်းခြောက်
■ တော်လှန်ရေးအဖွဲ့များကို ဖြတ်လေးဖြတ် ဖြတ်တောက်ရန် နှင့် ရွေးကောက်ပွဲလုပ်ရန် ဖြစ်နိုင်ဟုလုပ်ငန်းရှင်များသုံးသပ်
မေ-၁၂၊၂၀၂၅။ရဲခေါင်/People’s Spring
ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများ၌ အခြေခံစားသောက်ကုန်စည် စီးဆင်းမှုကို စစ်ကောင်စီက ပို၍ တင်းကြပ်လာကြောင်းကုန်သည်နှင့်လုပ်ငန်းရှင်အချို့က လူထုနွေဦးသို့ပြောသည်။

Public Service Announcement
ဆန်အပါအဝင် စားသုံးဆီများကို ဒေသအလိုက်ပို့ ဆောင်ရာတွင်ယခင်ကသက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လုပ်ငန်းရှင်အဖွဲ့တို့၏ လက်မှတ်များယူဆောင်ရပြီး လက်ရှိတွင် အသင်းအဖွဲ့ချုပ်ထံတင်ပြရခြင်းနှင့်ခွင့်ပြုချက်ရရှိမှသာ သယ်
ဆောင်ခွင့်ရတော့သည့်အခြေအနေဖြစ်သည်။
“ရွေးကောက်ပွဲကြောင့်လို့ပဲပြောရမယ်။ဒါလည်း သူတို့အတွင်းစကားကနေပဲကြားရတာ။ရွေး
ကောက်ပွဲမတိုင်ခင်အထိ အရင်ထက်စိစစ်ဖို့ လို့ ပြောပါတယ်။ပြောရရင်တော့ PDF တွေကို ရိက္ခာဖြတ်တောက်ချင်တာလို့ပဲပြောရမယ်”ဟုမန္တလေးတိုင်းမှ စားသုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့အပြင်ယခုရက်ပိုင်း၌ကုန်စည်ဒိုင်များအတွင်း စစ်ကောင်စီ၏ စားသုံးသူရေးရာဦးစီးဌာနက လိုက်လံစစ်ဆေးမှုများရှိနေသည်ဟု ကုန်စည်ဒိုင်လုပ်ငန်းရှင် တစ်ဦးက အသိပေးသည်။
“သူတို့ကတော့ ပွင့်ပွင့်လင်းလင်းပြောသွားတာတော့ ရှိတယ်။စျေးတွေတက်လို့မရဘူး။ကုန်စည်တွေတင်ပြတာထက်ပိုပြီးပိုသိုလှောင်လို့မရဘူး။မိရင် အရင်ကထက်ပိုပြီး အရေးယူတာလုပ်တာမယ်ဆိုပြီးပြောသွားတယ်”ဟု၎င်းကအခြေခံစားသောက်ကုန်များကို စစ်ကောင်စီ၏ စိစစ်လာမှုအခြေအနေကိုလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အခြေခံစားသောက်ကုန်စီးဆင်းမှုကို တင်းကြပ်သည့်စစ်ကောင်စီတွင်ရည်ရွယ်ချက်နှစ်ခုရှိနိုင်ပြီး အဓိကဦးတည်ချက်သည်ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
“စီး/ကူးအဖွဲ့တွေ ကုန်စည်ဒိုင်တွေဝင်တယ်။ပြီးတော့ဆန်စပါးအဖွဲ့ချုပ်က ဆန်စီးဝင်၊စီးထွက်တာ ကို သတင်းပို့ စနစ်လုပ်ရမယ်ဆိုတာတွေက တိုက်ဆိုင်သလို သိရသလောက်စားသုံးဆီလုပ်ငန်းရှင်အဖွဲ့ဘက်ကိုလည်း နှုတ်မိန့်အကြောင်းကြားထားတယ်။ရည်ညွှန်း စျေးအတိုင်းရောင်းဖို့ပေါ့။ဒီအချက်တွေက အခြေခံစားဝတ်နေရေးအကြပ်အတည်း ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက်သူတို့(စစ်ကောင်စီ)တင်းကြပ်တာ။နောက်တစ်ပိုင်းက သူတို့ ရွေးကောက်ပွဲကို ဖျက်မယ်လို့ တထစ်ချယုံထားတဲ့အတွက်အခုကတည်းကနေပြီးတော်လှန်ရေးတပ် ဖွဲ့ တွေကို ဖြတ်လေးဖြတ် ပိုလုပ်လာမှာလို့ပြောရနိုင်တယ်။နှစ်ခုစလုံးရဲ့ရည်ရွယ်တာကသူတို့လုပ်
မယ့်ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ဖြစ်ဖို့ပဲလို့ ပြောရမယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ မြန်မာဆန်စပါးအွန်လိုင်း (Myan-mar Rice Online- MyRO) စနစ်အကောင်အထည်ဖော်သည်ဆိုကာ တစ်နိုင်ငံလုံးရှိ ဆန်စပါးသိုလှောင်မှု အချက်အလက်များကိုရရှိအောင်စုဆောင်းထားသည်။ထိုစနစ်ဖြင့်မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံပေါင်း ၂၀၂၄ နှစ်လယ်ပိုင်းအထိ့ ၃၀၀၀ ကျော်ရှိပြီးထပ်မံပါဝင်ကြရန် နှိုးဆော်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်(MRF)မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောထားသည်။ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင် ရုံများအားလုံးကို ထိုစနစ်တွင်ထည့်သွင်းနိုင်ရန်ပြုလုပ်နေခြင်းဖြစ်သည်။ထိုအပြင် ဆန်ဆိုင်များ ၊ဆန်စပါးသိုလှောင်ရုံအငယ်များကိုပါ စာရင်းကိုပါ စစ်ကောင်စီနှင့်ဆန်စပါးအသင်းချုပ်ကရရှိရန်ပြုလုပ်နေခြင်းဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အာဏာသိမ်းပြီးတစ်နှစ်အကြာ ၂၀၂၂ ခုနှစ်က တည်းက ရွေးကောက်ပွဲ ကျင်းပမည်ဟုအကြိမ်ကြိမ်ပြောခဲ့သော်လည်း ကြားတွင်မလုပ်နိုင်ဘဲ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင်ကျင်းပမည်ဟုပြောကြားထားသည်။
စစ်ကောင်စီကျင်းပမည်ဆိုသော ရွေးကောက်ပွဲဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ဖြစ်ပြီး ယင်း ၂၀၀၈ အခြေခံဥပဒေသည် မြန်မာပြည်သူများနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် လမ်းအိုလမ်းပျက်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို မရောက်နိုင်ကြောင်းကို သက်သေပြပြီးဖြစ်ကြောင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူမသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုသည်။
“စစ်ကောင်စီကိုယ်တိုင်က ဒီဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တယ်။ ပြောရမယ်ဆိုရင် သူတို့ကိုယ်တိုင် မလေးစားတဲ့ ဥပဒေအောက်ကနေ ရွေး ကောက်ပွဲကို ပြန်လုပ်မယ်ဆိုတာကအတုအယောင်သက်သက်သာလျှင်ဖြစ်တယ်။ နောက်တစ်ခုက တစ်ကမ္ဘာလုံးကို အရူးလုပ်ဖို့အတွက် ထွင်တဲ့ စတန့်တစ်ခုပေါ့”ဟု ၎င်းက ဆက်ပြောသည်။
သို့ရာတွင် စစ်အုပ်စု အသုံးပြုမည့် နည်းလမ်းများကို မြန်မာပြည်သူများက သိရှိပြီးဖြစ်ကာ မြန်မာပြည်သူများ အလိုရှိသည့် နိုင်ငံရေးအဆင့်အထိ၊ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်မှန်မှန် ရသည်အထိ ဆက်သွားရမည်ဖြစ်ကြောင်း မသဥ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းသည်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဟုဆိုသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတစ်ဝန်း အနည်းဆုံးမြို့ပေါင်း ၉၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ မသိမ်းပိုက်ရသေးသော်လည်း တော်လှန်ရေးတပ်များက မြို့ပတ်ပတ်လည်ကို ဝန်းရံပိတ်ဆို့ဖြတ်တောက်၍ စိုးမိုးထားသော ဒေသအများအပြားလည်းရှိသည်။
စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ဖွဲ့စည်းထားသော တရားမဝင်အတုအယောင်ရွေး ကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက မေလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
