မေ-၈၊၂၀၂၅။ ကဖေး/People’s Spring
ယာယီအပစ်ရပ်ကြေညာထားပြီး ၊အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့သွားရောက်နေသော်လည်းစစ်ကောင်စီက မေလ ၇ရက်ညနေ နှင့် ညပိုင်းတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ချင်းပြည်နယ်မင်းတပ်မြို့နယ်စသည်တို့ကိုလေကြောင်းမှ ဆက်လက်ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။
မေ ၇ ရက်နေ့ည ၈နာရီခွဲအချိန်တွင်ဂန့်ဂေါမြို့နယ်ကိုတံတားဦးလေတပ်တက်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိခိုက်မှုကိုမသိရသေးဘဲ လေကြောင်းမှထပ်မံဗုံးကြဲနိုင်၍ ဒေသခံပြည်သူများ လုံခြုံသည့်နေရာတွင်နေရန်ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။
မင်းတပ်မြို့ကိုမေလ (၇) ရက် နံနက် ၁နာရီခွဲခန့်၌ ဗုံးနှစ်လုံးကြဲချခဲ့ပြီးနေ့လယ် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာအစိုးရအဆောက်အဦးနှင့်ဝန်ထမ်းအိမ်ရာများထိခိုက်ပျက်စီးပြီး၊ အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုများရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement
ထိုအပြင်အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ စစ်ရေးတင်းမာနေသောလေးမျက်နှာမြို့၊ပန်းတောကြီးရွာကို မေ ၇ ရက်ည ၁၀ နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲသွားကြောင်း ဒေသခံများကပြောသည်။
“လေးမျက်နှာမှာဖြစ်တဲ့တိုက်ပွဲတစ်လျှောက် ဒီနေ့ညဗုံးကြဲတာအပြင်းထန်ဆုံးပဲ။တိုက်ပွဲဖြစ်တဲ့အသံမကြားရဘဲနဲ့ ဗုံးကြဲသွားတာ”ဟုဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီ ဗုံးကြဲသည့်အထက်ပါမြို့နယ်များတွင်လတ်တလော၌တိုက်ပွဲများဖြစ်ပွားနေခြင်းမရှိပေ။
စစ်ကောင်စီသည်မတ်လ ၂၈ ရက်က မြေငလျင်ကိုအကြောင်းပြ၍မေလ ၆ရက်မှ မေလ၃၁အထိကို အပစ်အခတ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ အဆိုပါ အပစ်ရပ်ကာလမတိုင်ခင် ဧပြီလ ၂ရက်မှ ဧပြီလကုန်အအထိလည်း စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်ခဲ့သည်။
ထို့အပြင် လက်ရှိတွင် စစ်ကောင်စီခေါင်းဆောင်သည်ရုရှားနိုင်ငံသို့ခရီးထွက်နေပြီး အာဏာသိမ်းခေါင်းဆောင်မရှိဘဲ ဒုတိယအာဏာသိမ်းခေါင်းဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကျန်ရှိနေချိန်တွင်ပါ အထက်ပါ လေကြောင်းတိုက်ခိုက်မှုများဆက်လက် ကျူးလွန်နေခြင်းဖြစ်သည်။
ငလျင်လှုပ်ခဲ့သည့် မတ်လ၂၈ ရက်မှ မေ၂ ရက်အထိ ၃၆ ရက်အတွင်း စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု၂၈၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ၂၇၆ ဦး သေဆုံးကာ ၄၅၆ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရုရှားကမော်စကိုတွင်ပြုလုပ်မည့်ဒုတိယကမ္ဘာ့စစ်အောင်ပွဲ ခံနေ့ အခမ်းအနားသို့တက်ရောက်ရန် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဇနီးအပါအဝင် ၊စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့် ဇနီး ၊ ကြည်ရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် ဇနီးစသည့်အာဏာသိမ်းစစ်ခေါင်းဆောင်များပါသွားရောက်နေကြခြင်းဖြစ်သည်။
