မေ-၈၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ ငွေကောက် ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက် မနက် ၈နာရီခွဲခန့်က စစ်ကိုင်း – မုံရွာလမ်းပေါ်၊ ကံတလူတိုးဂိတ်အနီးမှာ ငွေကောက်ဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Generation Z Power-Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
” ကားကို ထိထိမိမိတိုက်ခိုက်နိုင်ပြီး ကားပေါ်မှ ထွက်ပြေးပြီး နေရာတော်တော်အလှမ်းမှာ သုံးကောင်သေဆုံးပြီး တစ်ဦးလက်ဒဏ်ရာရသွားတယ်။”လို့ GZP Mandalay ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement
တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂ဝခန့် ကြာခဲ့ပြီး စစ်ကောင်စီအုပ်စု စီးနင်းလာတဲ့ ကားကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Taw Twin Tup Pee Local PDFအဖွဲ့က ပြောပါတယ်။
အချိန်အနည်းငယ်အကြာမှာတော့ စစ်ကိုင်းမြို့က တပ်မ (၃၃)ကနေ ကားတွေရောက်ရှိလာပြီး စစ်အုပ်စုဝင်တွေရဲ့ အလောင်းတွေသယ်ယူသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီတိုက်ခိုက်မှုကို Taw Twin Tup Pee Local PDF ၊ Generation Z Power၊ BRA LDF၊ ရပ်ကျေးပကဖ တို့ပူးပေါင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်က စစ်အုပ်စုဟာ ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို စစ်ဆေးငွေညှစ်မှုမှာ နာမည်ကြီးပြီး မကြာခဏလည်း တိုက်ခိုက်ခံနေရပါတယ်။
