မေ-၈ ၊၂၀၂၅။မေ/People’s Spring
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ရေထွက်ကျေးရွာ လေကြောင်းတိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက တစ်ဦးသေဆုံးခဲ့သလို ဒီမနက်ပိုင်းမှာလည်း စစ်ကောင်စီက မတ္တရာမြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၇ရက် မနေ့က နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီးနောက် အဲဒီအထဲက အမျိုးသားတစ်ဦးဟာ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက်မှာလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းက ဘိုကုန်းကို သုံးကြိမ်၊ကျောက်တံတားကို နှစ်ကြိမ်၊ငါးလုံးပြွန်ရွာကို ၂ကြိမ်၊နောက်ထပ်အရှေ့ခြမ်းက ကျေးရွာတခုကို ၅ကြိမ် စုစုပေါင်း ၁၂ကြိမ်၊မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။
“တအုန်းအုန်းနဲ့ မိုးမလင်းခင်ကတည်းက ဆက်တိုက်ကြဲနေတာပဲ။လက်နက်ကြီးတွေလည်းပစ်တယ်။မတ္တရာကို ပြန်ယူဖို့ ဇွတ်ဖိနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်၊ထီးတော်မိုး စစ်သားစု ဆောင်းရေးတပ်အတွင်းမှာ အပြင်းအထန် လေ့ကျင့်သင်တန်းပေးနေပြီး မန္တလေးမြို့ကနေလည်း ယခုရက်ပိုင်းအတွင်း အင်အားအများအပြား တိုးထားတယ်လို့ သိရပါတယ်။
