ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မရဲစခန်းကို ယနေ့(ဧပြီ ၂၀) ညတွင် တိုက်ခိုက်ခံရပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဧပြီ ၂၀ရက် ည ၉နာရီကျော်တွင် သေနတ်ပစ်ခတ်သံစတင်ထွက်ပေါ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။
“သေနတ်သံတွေက အမျိုးစုံအောင်ကြားရတယ်။ KIAနဲ့ PDFက ရဲစခန်းကိုလာတိုက်တာလို့ထင်တယ်။ ဒီရက်ထဲ စခန်းကို ဝင်စီးမယ်လို့ သတင်းထွက်နေတာကြာပြီ”ဟု အဆိုပါမြို့ခံက ပြောသည်။

Public Service Announcement
ဟိုပင်မြို့မရဲစခန်းအနီးနေထိုင်သူတစ်ဦးက “တိုက်ပွဲဖြစ်ပြီးတော့ စခန်းထဲမှာငြိမ်ကျသွားတယ်။ သေဆုံးမှုရှိတယ်လို့သတင်းထွက်တယ်။ ထိတဲ့သူတွေကို အပြင်ကိုမသယ်ခိုင်းဘူးလို့ကြားတယ်”ဟု ပြောသည်။
ပစ်ခတ်မှုနှင့်ပတ်သက်၍အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာ ၁၂ ရက်နေ့က မိုးညှင်းမြို့မှ KTVတစ်ခုအတွင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
