ဧပြီ ၂၀၊၂၀၂၅။မေ/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။
ဧပြီ ၂၀ရက် ဒီနေ့ နေ့လည် ၁နာရီ မိနစ်၄၀ လောက်မှာ လိပ်ကျကျေးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတာလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မျက်မြင် တွေ့ရှိခဲ့သူတစ်ဦးက “ခရီးသွားရင်း လိပ်ကျရွာနားအရောက်မှာကြဲခံရတာ။အိမ်တလုံးကတော့ ရစရာကိုမရှိဘူး”လို့ ပြောပါတယ်။

Public Service Announcement
ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကတော့ ပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
လိပ်ကျရွာကို ဧပြီ ၁၈ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦး သေဆုံးခဲ့ပါ သေးတယ်။
ဒါ့အပြင် ဒီနေ့ နေ့လည် ၁နာရီ၄၅မိနစ်မှာလည်း ညောင်ပင်သာကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့ပါတယ်။
အဲဒီအချိန်နဲ့ တပြိုင်နက်မှာပဲ ရေထွက်ကျေးရွာကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဧပြီ ၁၉ရက် မနေ့က ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရပြီး ဒီနေ့အထိ အလောင်းအရေအတွက်အတည်ပြုမရသေးဘူးလို့ သိရပါတယ်။
