ဧပြီ ၂၀၊၂၀၂၅။ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ ဘီးလင်းမြို့နယ် မင်းစောကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကိုရင်တစ်ပါးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး သံဃာနှစ်ပါးအပါအဝင် ပြည်သူ ၉ဦး ဒဏ်ရာရခဲ့ကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။
ဧပြီ ၁၉ရက် နံနက် ၁၁နာရီကျော်က ဘုန်းတော်ကြီးများ ဆွမ်းစားနေချိန်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ဟု ဖော်ပြသည်။
လေကြောင်း တိုက်ခိုက်မှုအတွင်း ဆွမ်းစားကျောင်းဆောင်တည့်တည့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ဆွမ်းကပ်လှူနေသော ကျောင်းဒါယိကာမ နော်လှမြင့် အသက် (၆၅)နှစ်၊ နော်မဝဲ အသက် (၆၀) နှစ်၊ ကိုရင် ရှင်ကေလာသ အသက်(၁၀)နှစ်တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၉ဦး ဒဏ်ရာရဟု ထုတ်ပြန်သည်။

Public Service Announcement
လေကြောင်း တိုက်ခိုက်မှုကြောင့် ဆွမ်းစားကျောင်း ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းစောင်းတန်းလည်း ပျက်စီးခဲ့ပြီး အပျက်အစီး နှင့်ထိခိုက်မှု အခြေအနေမှတ်တမ်းများ ဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ မင်းစောကျေးရွာဘုန်းတော်ကြီးကျောင်းအား ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ဟု KNUသထုံခရိုင်က ထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ဝန်းသိုမြို့နယ်ရှိ နန်းချိုကျေးရွာကိုလည်း ဧပြီ ၁၉ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီးခဲ့ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိဟုလည်း ပြောသည်။
“အခုအချိန်မှာ တနိုင်ငံလုံးကို ပစ်နေတာဆိုတော့ လူမထိတာပဲ ကံကောင်းသွားပါပြီပေါ့နော်”ဟု ဒေသ သတင်းရင်းမြစ်က နန်းချိုရွာဘုန်းကြီးကျောင်း လေကြောင်း တိုက်ခိုက်ခံရမှု အပေါ် မှတ်ချက်ပြုသည်။
စစ်ကောင်စီသည် ဧပြီ ၁၈ရက်နှင့် ၁၉ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာနှင့် ရေထွက်ရွာတို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃၇ဦးထက်မနည်းသေဆုံးကာ ၃၃ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်မည်ဟုကြေညာထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများ နိုင်ငံတဝန်း ပြုလုပ်လျက်ရှိရာ အထူးသဖြင့် အရပ်သား ပြည်သူနေထိုင်ရာများကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တိုက်ခိုက်နေ၍ ယခု ဧပြီလအတွင်း ပြည်သူ ရာချီသေဆုံးခဲ့ရသည်။
