ဧပြီ ၁၈၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ မကွေးဗဟိုအကျဥ်းထောင်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စစ်ကောင်စီ၏ ထောင်ဝန်ထမ်းများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဥ်းသား နှစ်ဦးထက်မနည်းသေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်သည်။
ဧပြီ ၁၃ရက်က မကွေးဗဟိုအကျဉ်းထောင်အရှေ့တွင် Local PDF အဖွဲ့များနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့စဥ် ညနေ ၆နာရီအချိန်တွင် အကျဉ်းထောင်တွင်း၌လည်း အကျဉ်းထောင်ဝန်ထမ်းများနှင့်အကျဉ်းသားများကြား တင်းမာမှုအချို့ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကြား တင်းမာမှုနှင့် ထိတွေ့မှုအတွင်း အကျဉ်းဦးစီးဝန်ထမ်းများ၏ ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှ သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံတွင်နေသည့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် အနည်းဆုံးနိုင်ကျဉ်း နှစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
ထို့အပြင် နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၅)ဦးထက်မနည်း ဆေးဝါးကုသမှုခံယူနေရကြောင်း အသိပေးသည်။
”လက်ရှိနိုင်ငံရေးအကျဥ်းသားတွေရဲ့ မျှော်လင့်ချက်ဟာ အကျဥ်းထောင်ပြင်ပကိုအမြန်ဆုံးရောက်ရှိရေး ဖြစ်ပါတယ်။တော်လှန်ရေးကာလကြာမြင့်တဲ့အချိန်အရ ပြင်ပကို စိတ်ပူပန်ရသလို အရင်လိုမျိုး တော်လှန်ရေးအောင်ရင် ငါတို့ လွတ်မှာပါ ဆိုတဲ့ စိတ်ထက် ငါတို့လွတ်မြောက်ရေးကို ငါတို့ လုပ်ရမှာလားဆိုတဲ့ တွေးခေါ်မှုတွေ များလာတယ်။ဒါကြောင့်မလို့လည်း အကျဥ်းထောင်ရှေ့မှာ တိုက်ပွဲဖြစ်တဲ့ အချိန်လွတ်မြောက်ရေးအတွက် လုပ်မိကိုင်မိတာလို့ သုံးသပ်မိတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
စနစ်ကျသည့် မြို့သိမ်းတိုက်ပွဲမှသည် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး အစီအစဥ်ကို အကောင်အထည်ဖော်ပေးရန်လည်း ၎င်းက တော်လှန်ရေးအင်အားစုများထံ တောင်းဆိုသည်။
မကွေးအကျဉ်းထောင်တွင်းဖြစ်စဉ်နှင့်ပက်သက်၍ နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီက ထောင်တွင်း စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများထိတွေ့မှုတွင် စစ်ကောင်စီ၏ ဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PPNM က ပြောသည်။
ဖြစ်စဉ်အသေးစိတ်အား PPNMမှ အချိန်ယူထုတ်ပြန်ရန်ပြင်ဆင်ထားသော်လည်း ပြည်သူများမေးမြန်းမှု များပြားလာသည့်အတွက် ကနဦး သိရှိရသည်ကို ဖော်ပြခြင်းဟု ဆိုသည်။
မကွေးအကျဥ်းထောင်၌ ဒီချုပ်အစိုးရ၏ မကွေးတိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် နှစ်ထောင်နီးပါးကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
အဆိုပါအကျဥ်းထောင်သည် မကွေးမြို့နှင့် (၁၂)မိုင် အကွာ မကွေး – ရေနံချောင်းသွားသည့်လမ်းပိုင်း၌ တည်ရှိသည်။ မျက်နှာချင်းဆိုင်တွင် စစ်ကောင်စီ၏ အမှတ်(၂၅)ရဲတပ်ရင်းရှိသည်။
ဧပြီ ၁၃ရက် ညနေ ၆နာရီခန့်က အဆိုပါ အမှတ်(၂၅)လုံခြုံရေးရဲတပ်ရင်း တိုက်ခိုက်ခံရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောထားသည်။ တိုက်ပွဲမှာ ၂နာရီထက်မနည်းကြာမြင့်ခဲ့သည်ဟု ဆိုသည်။
“စစ်ကောင်စီဘက်ကတော့ ဒေါင်းနေအကျဥ်းထောင်ကို လာဖောက်တယ်ဆိုပြီး သတင်းဖြန့်တာရှိတယ်။သိရသလောက်က ရဲတပ်ရင်းထဲကို ရှော့တိုက်ဒုန်းတွေ ကျတယ်။ထိခိုက်တာတွေတော့ စုံစမ်းနေတုန်းပဲ”ဟု မကွေးတိုင်းစစ်ဖက်သတင်းရင်းမြစ်က ပြောသည်။
ရဲတပ်ရင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့်ပတ်သက်၍ မကွေးတိုင်း တော်လှန်ရေးအင်အားစုများထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)အများစုရှိရာ မကွေးတိုင်း၌ တော်လှန်ရေးအင်အားစုများသည် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံခြင်းနှင့် စခန်းအချို့ကို သိမ်းပိုက်နေသည်။
