ဧပြီ ၉၊၂၀၂၅။ ဟန်နွေ/People’s Spring
အပစ်ရပ်ကြေညာမှုကို နှစ်ဖက်စလုံးက ထုတ် ပြန်ထားသော်လည်း စစ်ကောင်စီက တိုက်ခိုက်မှုစတင်ခဲ့၍ အင်းတော်မြို့ကို တန်ပြန်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဧပြီ ၈ရက်ညပိုင်း သတင်း၌ ဖော်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က အပစ်ရပ်ကြေညာထားသလို စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၂၂ရက်ထိ အပစ်ရပ်ကြေညာထားသည်။သို့သော် စစ်ကောင်စီက ဧပြီ ၂ရက်ညပိုင်းတွင် ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ဧပြီ ၃ရက်တွင်လည်း အင်းတော်နှင့် ဝိုင်းမော်မြို့တို့ကို လေကြောင်း တိုက်ခိုက်ခြင်း မြေပြင်ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တို့က အသိပေးသည်။
ထို့ပြင် စဉ့်ကူး၊ ကနီ၊ သပိတ်ကျင်း၊ ညောင်ဦး အပါအဝင် စစ်ကိုင်း၊ မန္တလေး ဒေသများတွင်လည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်တပ်လေထီးဖြင့် ဗုံးကြဲခြင်း၊ မြေပြင်မှ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။

Public Service Announcement
နှစ်ဖက်အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်က တိုက်ခိုက်မှု စတင်ခဲ့၍ အမှတ်(၁) စစ်ဒေသပူးပေါင်းတပ်များက တန်ပြန်တိုက်ခိုက်ရာ ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းနှင့် အင်းတော်မြို့တခုလုံးကို ဧပြီ ၇ရက် ညနေတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြပြီး အင်းတော်မြို့သိမ်း တိုက်ပွဲ၌ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရရှိဟု အသိပေးသည်။
ဖမ်းမိ စစ်သုံ့ပန်းအရေအတွက်ကို ဖော်ပြမထားသော်လည်း စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ စစ်သုံ့ပန်း ၄၀ကျော်၊ ဟောင်ဝစ်ဇာအမြောက်၊ ၁၂၀မမ လက်နက်ကြီး နှင့်လက်နက်ငယ်မျိုးစုံအများအပြား ခဲယမ်းကျည်အများအပြား သိမ်းရခဲ့သည်ဟု ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အင်းတော်မြို့သိမ်းတိုက်ပွဲ ထုတ်ပြန်ချက်တွင်လည်း ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ အစီအစဥ်ဖြင့် ဆင်နွှဲခဲ့သည့် အင်းတော်မြို့ကို ၈လကျော်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မမှူးနှင့်အဖွဲ့ ထွက်ပြေးသွားဟု အသိပေးသည်။
အင်းတော်မြို့သည် စစ်ကောင်စီ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြိုဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲခြင်းဖြစ်ကြောင်း၊ မြိုသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် နှင့်ခဲယမ်းမီးကျောက်အမြောက် အမြား သိမ်းပိုက်ရရှိကြောင်း အသိပေးထားသည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည် တိုက်ပွဲတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတိုကြောင့် တော်လှန်ရေးတပ်ဖွဲများ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို နောက်ဆုံးအခြေပြုရာ ဂျပန်လှိုင်ဂူမှတပ်မမှူးဦးဆောင် သောအဖွဲ့သည် ဧပြီ ၇ရက် ည ၉နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်ဟု ဖော်ပြထားသည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ(ကသာ-ပကဖ)၊ပြည်သူ့ ကာကွယ်ရေးအဖွဲ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ၊ Drone ပူးပေါင်းတပ်ဖွဲ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို ပူးပေါင်းပါဝင်ခဲ့သည်ဟု ထုတ်ပြန်သည်။
