ဧပြီ-၈၊၂၀၂၅။ခွာညို/People’s Spring
အာဏာသိမ်းဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ငလျင်သင့်ခဲ့သောပဲခူးတိုင်းသို့သွားခဲ့သောခရီးစဥ်တွင် နန်းတော်ဦးဘုရားရင်ပြင်ပေါ် ဖိနပ်စီးတက်ခဲ့သည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ တရာဝင် ဝက်ဆိုက်က မှတ်ချက်ဖြင့်ဖော်ပြလိုက်သည်။
အာဏာသိမ်းဒုတိယခေါင်းဆောင်သည် စစ်ကိုင်းငလျင်ဒဏ်ခံစားခဲ့ရသော ပဲခူးတိုင်းရှိ ငလျင်ဒဏ်သင့်ဒေသများသို့ ဧပြီလ ၇ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။ တောင်ငူမြို့သို့ရောက်ရှိစဉ်စစ်ကိုင်း ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ပြိုကျပျက်စီးသွားသည့်နန်းတော်ဦးလောကမာရဇိန်စေတီတော်သို့ သွားရောက်စဉ် ရင်ပြင်တော်ပေါ်သို့ ဖိနပ်စီး၍ တက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်း ကို တပ်ချုပ်ရုံး၏ တရားဝင်ဝက်ဆိုက်ဖြစ်သောcincds ဝက်ဆိုက်က ဧပြီ ၈ ရက်၌ သတင်းဖော်ပြရာတွင် အောက်ဆုံး၌” မှတ်ချက်။ (သတင်းစာများတွင်) အပျက်အစီးတွေ့ရှိများ၊ အပျက်အစီးများ ဦးစားပေးသုံးရန်။ နန်းတော်ဦး ဘုရားတွင် ဖိနပ်စီးထားသဖြင့် ပုံသုံးရာတွင် ဂရုပြုသုံးရန်၊ ဆွာချောင်းတံတား ပျက်စီးမှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများအား သင့်တော်သလိုသုံးရန်”ဟု ရေးသားထားသည့် မှတ်ချက်ကိုဖော်ပြထားသည်။

Public Service Announcement
အဆိုပါ မှတ်ချက်ဖြင့်ဖော်ပြမှုကိုထုတ်ပြန်ပြီး နာရီပေါင်းများစွာကြာသည့်တိုင် (ယခုသတင်းရေးသားချိန် ဧပြီ ၈ ရက် ၊ည ၁၁ နာရီအထိ) ဆက်လက်ဖော်ပြထားဆဲဖြစ်သည်။ သို့သော်ဧပြီ ၈ ရက်ထုတ်စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင်မူ “မှတ်ချက်”ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
ဘုရားရင်ပြင်တော်ပေါ်တွင် ခြောက်လုံးပြူးသေနတ်ကိုခါးကြားထိုးလျှက်စစ်စိမ်းယူနီဖောင်းဝတ်လျက် ဘုရားဂေါပကများအား အလှူငွေထောက်ပံ့နေသည့်ဓာတ်ပုံကိုတင်ထားသည်။ ထိုဓာတ်ပုံကိုဖော်ပြာတွင် ခြေသလုံးနေရာမှစ၍ ဖြတ်တောက်ထားသည်။
“စိုးဝင်းဘုရားပေါ် ဖိနပ်စီးပြီးတက်တာကို မင်းအောင်လှိုင်ထောက်ခံသူတွေက တမင်သက်သက် ပြတာလို့ထင်တယ်။ ဒါမှမဟုတ် သူတို့တွေ မစိစစ်နိုင်အောင် ပြာယာခပ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အွန်လိုင်းမှာ ပြန်ဖြုတ်မချပစ်တာကလည်း ထူးခြားနေတယ်” ဟု နိုင်ငံရေးသတင်းများကို စောင့်ကြည့်လေ့လာသူတစ်ဦးကပြောသည်။
ဧပြီ ၈ ရက်ထုတ်သတင်းစာများတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေပြည်တော်အတွင်းသွားလာနေသည်သတင်းများကို မျက်နှာဖုံးတင်ထားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပဲခူးတိုင်းခရီးစဉ်ကို နောက်ကျောဖုံးတွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ထက်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ထောက်ခံသူများပြီး ၎င်းတို့အချင်းချင်းခြား ပွတ်တိုက်မှုကြီးမားနေကြောင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်ညKIAထံ မကြာသေးမီကအလင်းဝင်လာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် စစ်တပ်အမာခံထောက်ခံသူ မဘသဘုန်းကြီးပေါက်ကိုယ်တော်က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့များစွာလက်လွတ်ရပြီးနောက် ပြင်ဦးလွင်မြို့တွင် MNDAA ကိုကန့်ကွက်ချုံ့ချပွဲပြုလုပ်စဥ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးမှဆင်း၍ စိုးဝင်းကိုလွှဲပေးရန်ပြောခဲ့သည်။ထိုနောက် ပျူစောထီးဘုန်းပေါက်ကိုယ်တော်ကိုစစ်ကောင်စီက ခေတ္တခေါ်ယူစစ်ဆေးပြီးမှပြန်လွှတ်ခဲ့သည်။
စစ်တပ်အတွင်း မင်းအောင်လှိုင်ထက် စိုးဝင်းကိုပိုကြိုက်ကြကြောင်းသတင်းများမကြာခဏထွက်ပေါ်လေ့ရှိပြီးနောက်အာဏာသိမ်းခေါင်းဆောင်က ၎င်း၏ လူယုံဗိုလ်ချုပ်များကို ဒုခေါင်းဆောင်ဆောင်စိုးဝင်း နှင့် ရာထူး၊အဆင့်တူများစွာဖန်တီးနေရာပေး၍ စိုးဝင်းကိုနောက်ရောက်အောင်လုပ်ခဲ့သည်။
စစ်ကောင်စီဒုတိယခေါင်းဆောင်သည် ပဲခူးတိုင်းခရီးစဉ်တွင် တောင်ငူအကျဉ်းထောင်၊ ဆေးရုံတို့အပြင်ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံနှင့် ၁၆၅ မိုင် ၃ ဖာလုံကြားရှိ ဆွာချောင်းတံတားပျက်စီးမှုကိုလည်းသွားရောက်ကြည်ရှုခဲ့သည်။
ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့်ကနဦးစာရင်းများအရသေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရရှိသူ ၂၃၄ ဦးရှိပြီး စေတီ ၇၁ ဆူ၊ ဘုန်းကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ ဘာသာရေးကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦ ၂၀၀၊ အခြားအဆောက်အဦ ၂၈၉ခု၊ လူနေအဆောက်အဦ ၁၇၃၆ လုံးနှင့် လမ်းတံတား အချို့ ထိခိုက်ပျက်စီးခဲ့ပြီးကြောင်းစစ်ကောင်စီက ဖော်ပြထားသည်။
သို့သော်ငလျင်ကြောင့်သေဆုံးသူဦးရေသည်ယင်းပမာဏထက်များပြီး တောင်ငူမြို့ရှိ ရွှေတွင်းပြိုကျမှု၌ သေဆုံးသူ ၅၀ ထက်မနည်း ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ တောင်ငူမြို့ပေါ်တွင်လည်း အဆောက်အအုံပြိုကျ၍ လူသေဆုံးမှုအကျိုးရှိခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဧပြီလ ၇ရက်က ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းတွင် ငလျင်ကြောင့် သေဆုံးသူ ၆၈ဦး၊ ဒဏ်ရာရသူ ၂၃၄ဦးနှင့် ဘေးသင့်ပြည်သူ ၂သိန်း၆သောင်းခန့်ရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည်စစ်ကိုင်းငလျင်ကြောင့်သေဆုံးပျက်စီးမှုအခြေအနေများကိုသတင်းဖုံးကွယ်ရန်ကြိုးစားနေပြီး နိုင်ငံတကာမှသတင်းထောက်များကိုလာရောက်ခွင့်မပြုသလို ၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ရုပ်အလောင်းတွေ့ပါက၎င်းတို့ထံသတင်းပို့ခိုင်းပြီးစစ်ကောင်စီကသာထိန်းချုပ်ထုတ်ပြန်သောပုံစံလုပ်လာသည်။ မြေပြင်သေဆုံးပျောက်ဆုံးသူမှာ စစ်ကောင်စီထုတ်ပြန်သောအရေအတွက်ထက်ပိုများကြောင်းဒေသခံများရှာဖွေကယ်ဆယ်ရေးသမားများကပြောသည်။
ထိုအပြင် စစ်ကောင်စီကငလျင်ဘေးကူညီကယ်ဆယ်သူများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်မပြုဘဲဘစစ်ကောင်စီထံခွင့်တောင်းပြီးမှလုပ်ရန်ကန့်သတ်ထားသည်။သမိုင်းတလျှောက် ပျက်စီးဆုံးရှုံးမှုအများဆုံးငလျင်ဘေးကိုရင်ဆိုင်ရသော်လည်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်မှုပိုမိုပြုလုပ်ထားပြီး VPN ကိုလည်းဖွင့်မပေးပေ။
