ဧပြီ ၉၊၂၀၂၅။မေ/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ စစ်သင်တန်းကျောင်းရှိတဲ့ (၇)မိုင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေထံက သိရပါတယ်။
ဧပြီ ၃ရက်က (၇)မိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်တာကြောင့် မိုးကုတ် ပကဖက (၃၁)နှစ်အရွယ် ဖြိုးသက်ပိုင်(ခ) ရဲဘော်ပိုင်ကြီးနဲ့ (၂၈)နှစ်အရွယ် အောင်ပြည့်စုံ(ခ)ရဲဘော်စွယ်စုံတို့ ကျဆုံးပြီး နောက်ထပ် ရဲဘော်နှစ်ဦးလည်း ဗုံစထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချခဲ့ပြီးနောက် မီးလောင်ဗုံးတွေပါ ကြဲချခဲ့တာလို့ သိရပါတယ်။

Public Service Announcement
“နောက်ဆုံး လေယာဉ်နဲ့အရင်ကြဲပြီး ထိုးစစ်ဆင်တိုက်လာတော့ တိုက်ပွဲကတစ်နာရီ လောက်ကြာတယ်။လေယာဉ်နဲ့ကြဲတဲ့အချိန်မှာ ကျွန် တော်တို့ရဲဘော် နှစ်ယောက်က ဗုံးထိပြီး ကတုတ်ကျင်းထဲမှာ Dead Body ပြန်မကောက်နိုင် အောင်ဖြစ်သွားတယ်။ကျွန်တော်တို့လည်း ပြန်ဆုတ်လိုက်ရတယ်”လို့ ရှေ့တန်းရဲဘော်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်၊ဒရုန်းတွေနဲ့နေ့စဉ်တိုက်ခိုက် နေတာလို့ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နဲ့ (၇)မိုင်သာကွာဝေးတဲ့ (၇)မိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ်။
မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တော့ သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပါဘူး။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်ကျေးရွာကအမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)မှာ သွားရောက်စုဝေးသလို ၊စစ်တပ်က စစ်ကူပို့တဲ့စစ်သားတွေနဲ့ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာအချို့ကို ပြန်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တွင်းငယ်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ရက်မှာ ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။
လက်တလောမှာတော့ (၇)မိုင်ကျေးရွာမှာ တိုက်ပွဲတွေပိုဖြစ်နေပြီး (၇)မိုင်ကို အဓိကဦးဆောင်တိုက်ခိုက်နေတာက မန္တလေး PDF၊ မိုးကုတ်ဗျူဟာ၊မိုးကုတ် ပကဖနဲ့ တအာင်းတပ်မတော် TNLA တို့ဖြစ်ပါတယ်။
