ဧပြီ ၉၊၂၀၂၅။ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး ဂျေယန်း စစ်ရှောင်စခန်းမှ ကလေးငယ်သုံးဦးကို ဖမ်းဆီးအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ပြီး စီရင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
(၁၀)နှစ်ဝန်းကျင်ရှိ မူလတန်းကျောင်းသူ သုံးဦးကို အသက် ၂၅နှစ်အရွယ် အုန်ဆောင်းဒွဲအောင် ဆိုသူက ယခု ၂၀၂၅ ဖော်ဝါရီ ၂၂ရက်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတရားခံကို ဖေဖော်ဝါရီ ၂၅ရက်ညတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အမှုအတွက် သီးသန့်ဖွဲ့စည်းထားသည့် တရားရုံးက မတ်လ ၂၉ရက်တွင်အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အမိန့်ချမှတ်ခဲ့ရာ ဧပြီ ၇ရက်တွင် သေဒဏ်စီရင်ခဲ့သည်ဟု KIO/KIA က အသိပေးသည်။

Public Service Announcement
ဖြစ်စဉ်တွင် ကလေးငယ် တစ်ဦးကို လည်ပင်းကြိုးဆွဲချ သတ်ထားသည့် အနေအထား ရှာတွေ့ခဲ့ပြီး ကျန် ၂ဦးကို ရေကန်ထဲ နှစ်သက်ထားသည့် အသက်မဲ့ ခန္ဓာများကို ရှာတွေ့ခဲ့ကြောင်း ရုပ်အလောင်းတွင် ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများကိုလည်းတွေ့ရသည်ဟု ဆိုသည်။ သက်ဆိုင်ရာ မှုခင်းဆရာဝန်များ စစ်ဆေးချက်အရ အဓမ္မပြုကျင့်ခံထားရသည့် သက်သေများ တွေ့ရကြောင်း KIO/KIA က ဖော်ပြသည်။
အဆိုပါ တရားခံသည် KIA တပ်၌ စစ်စည်းကမ်းချိုးဖောက်၍ ထုတ်ပယ်ခံထားရဖူးသူဖြစ်ပြီး ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်းလည်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
ဂျေယန်း စစ်ရှောင်စခန်းသည် ၂၀၁၁က KIAနှင့် စစ်တပ်အကြား ကချင်ဒေသတကျော့ပြန် စစ်ပွဲ စတင်ချိန်ကတည်းက ကချင်ပြည်သူများ စစ်ဘေးတိမ်းရှောင်နေထိုင်နေသည့် စခန်းဖြစ်သည်။
