အပစ်ရပ်
■ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များကို ပြောထားသောအချက်များ စစ်တပ်ကိုယ်တိုင်လိုက်နာရန်လည်းသတိပေး
ဧပြီ-၃၊၂၀၂၅။စိုင်းနန်/People’s Spring
ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ပြီးနောက် နာရီအနည်းငယ်အကြာတွင် KIO/KIA ကလည်း ယင်းကာလအတိုင်းခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement
စစ်ကောင်စီ၏ ယာယီအပစ်ရပ် ထုတ်ပြန်ချက်သည် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်း မြေငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန် ခြင်းဟု နားလည်ရကြောင်းနှင့်ထုတ်ပြန်ချက် အပိုဒ် (၄) ပါ အကြောင်းအရာ အချက်အလက်များကို တိုင်းရင်းသားတော်လှန်
ရေးအဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့များသာမက စစ်တပ်ဘက်ကလည်း လိုက်နာရန်လိုအပ်သည်ဟု KIOက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်အပိုဒ်(၄)တွင် ယာယီအပစ်ရပ်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့၏တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန် နှင့် ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။
ဘေးပြန်လည်ထူထောင်ရေးသည် ရေရှည်လုပ်ရမည်ဖြစ်ပြီး အပစ်ရပ်ကြေညာချက်များကို အားလုံးကလိုက်နာရမည်ဟု KIOမှခေါင်းဆောင်တဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က မှတ်ချက်ပြုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရက လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သောခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိရပ်ဆိုင်းထားမည်ဟု မတ်လ ၂၉ ရက်တွင်ကြေညာခဲ့သည်။
ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွား နေသော နေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တလတာ တစ်ဖက်သတ် အပစ်ရပ်မည်ဟုမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ဧပြီလ ၁ရက် တွင်ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ဧပြီ ၂ ရက်ညတွင် ယာယီအပစ်ရပ်ကြေညာသော်လည်း ယနေ့ညနေအထိ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ဗုံးကြဲခြင်းဖြစ်သည်။ထို့အပြင် ကရင်ပြည်နယ်သို့လည်း ဧပြီ ၂ ရက်ညနေတွင်စစ်ကောင်စီက ဗုံးကြဲ့ခဲ့သည်။
မတ်လ ၂၈ရက်နေ့မှ ဧပြီလ (၁) ရက်နေ့အထိ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အပါအဝင် နေရာပေါင်း (၁၁) နေရာကို လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်အထိ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၅၀) ဦးထက်မနည်း သေဆုံးပြီး (၄၉) ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကထုတ်ပြန်ထားသည်။
