■ တင်ထားသောဖေစ်ဘွခ်ပို့စ်ကို ပြန်လည်ဖယ်ရှားခဲ့ရ
ဧပြီ ၅၊ ၂၀၂၅။ People’s Spring
ဘူတန်ဝန်ကြီးချုပ် Tshering Tobgay ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုကို သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ရာ ဝေဖန်ပြစ်တင်မှုတွေနဲ့ တွေ့ကြုံခဲ့ရပြီး အဲဒီဖော်ပြမှု(post)ကို ပြန်လည်ဖယ်ရှားသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘင်းစတက်(BIMSTEC)ထိပ်သီးညီလာခံတက်ရောက်ရင်း အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ဘူတန်ဝန်ကြီးချုပ်ဟာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့မှုအပေါ် ဝမ်းမြောက်မိကြောင်း ဧပြီ ၄ ရက်မှာဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြမှုကို မြန်မာပြည်သူများက တညီတညွတ် တည်း ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်မဟုတ်ဘဲ ‘ရာဇဝတ်သား’၊‘လူသတ်ကောင်’ ဖြစ်ကြောင်း ၊ “ရှက်စရာကောင်းကြောင်း” ဘူတန်ဝန်ကြီးချုပ်ရဲ့ ဖော်ပြမှုအောက်မှာ မှတ်ချက်ပေါင်းထောင်ချီရေးသားတုန့်ပြန်ခဲ့ကြပါတယ်။

Public Service Announcement
အဲဒီနောက်မှာတော့ ဘူတန်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အတူယှဥ်တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ဖော်ပြမှုကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြန်လည် ဖြုတ်ချဖယ်ရှားသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မနေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှူးကြီး(Senior General)ရာထူးကိုသာ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ မင်းအောင်လှိုင်က သူ့ကိုယ်သူ ပေးအပ်ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ ရာထူးတွေကို အသိအမှတ်ပြု ထည့်သွင်းသုံးနှုန်းခြင်း မရှိခဲ့ပါဘူး။
