ဧပြီ-၅၊၂၀၂၅။ People’s Spring
အာဏာသိမ်း မြန်မာစစ်တပ်ဟာ သူတို့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ငြင်းဆန်တယ်လို့ ယူဆတဲ့ ငလျင်ဘေးသင့်နယ်မြေတွေဆီလူသားချင်းစာနာမှုအကူအညီပစ္စည်းတွေ မရောက်ရှိနိုင်အောင် တားဆီးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကပြောကြားလိုက်ပါတယ်။
တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားရာ နယ်မြေတွေကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိမသွားအောင် ဖြတ်တောက်တာဟာ မြန်မာစစ်တပ်ကျင့်သုံးနေကျနည်းလမ်းတစ်ခုဖြစ်ပြီးအခုငလျင်ဘေးသင့်ကာလမှာလည်း ဆက်ပြီးလက်ကိုင်ပြုနေတာ ဖြစ်ပါတယ်။
အထူးသဖြင့် ငလျင်ဘေးသင့် နယ်မြေတွေထဲမှာ ၂၀၂၁ခုနှစ်မှာ စစ်တပ်အာဏာသိမ်းခဲ့တာကို ဆန့်ကျင်ရပ်တည်နေတဲ့ဒေသတွေဆီလူသားချင်း စာနာမှု အထောက်အပံ့တွေ မရောက်နိုင်အောင် စစ်တပ်က ကန့်သတ်နေတယ်လို့ OHCHRရဲ့ မြန်မာ ဌာနခွဲ အကြီးအကဲ ဂျိမ်းစ် ရုဒ်ဟေဗာက ပြောကြားသွားပါတယ်။

Public Service Announcement
ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို့မှာတော့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ရာဗင်နာ ရှမ်ဒါဆာနီက မြန်မာ့ ငလျင်ဘေးသင့် ဒေသတွေ၊ အထူးသဖြင့် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်တဲ့ ဒေသတွေမှာ အခြေအနေတွေအရမ်းဆိုးရွားနေတယ်လို့ သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။
ရာစုနှစ်တစ်ခုအတွင်းမြန်မာနိုင်ငံမှာအားအပြင်းဆုံးလှုပ်ခတ်ခဲ့တဲ့မဂ္ဂနီကျု ၇.၇ ငလျင်ကြီးရဲ့သက်ရောက်မှုဒဏ်ကို မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၈ သန်းလောက်ထိ သက်ရောက် ခံစားမိစေခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့်လက်ရှိ အချိန်ထိအသေအပျောက် ၃၀၀၀ ကျော်လွန်လာပြီဖြစ်သလို တိုက်တာ အဆောက်အအုံတွေ အများအပြားလည်း ပြိုကျခဲ့ပါတယ်။တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေ အပါအဝင် ဒေသ အများအပြားမှာ ရိက္ခာ၊ သောက်ရေနဲ့ နေစရာတွေ အပူတပြင်း လိုအပ်နေပေမယ့်စစ်ကောင်စီဟာထိန်းချုပ်မှုလက်လွှတ်ထားရတဲ့ ဧရိယာတွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ မရောက်အောင် နည်းလမ်းမျိုးစုံနဲ့ လိုက်လံ ပိတ်ဆို့နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးအပြီးမှာလေကြောင်းကနေဗုံးကြဲတာတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ၅၃ ကြိမ် လုပ်ဆောင်ခဲ့ပြီး အဲဒီထဲက ၁၆ ကြိမ်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်က ငလျင်ဘေးသင့် ကယ်ဆယ်ရေးအတွက် ရက်ပေါင်း ၂၀ ကြာ အပစ်အခတ် ရပ်စဲမယ်လို့ ဧပြီ ၂ ရက်နေ့မှာ ကြေညာပြီး နောက်ပိုင်းမှာ ဖြစ်တယ်လို့လည်း OHCHRက ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး ဧပြီ ၄ ရက်နေ့မှာ နောက်ထပ် တိုက်ခိုက်မှု ၈ ကြိမ်နဲ့ ပတ်သက်လို့လည်း OHCHRက အတည်ပြုနိုင်ဖို့ ဆန်းစစ် လေ့လာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့စစ်ကောင်စီဖက်ကတော့အဲဒီ ပြောကြားချက်တွေအပေါ် တုံ့ပြန်မှတ်ချက် မပေးသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေရဲ့အနေအထားဟာ စိုးရိမ်စရာအဆင့်မျိုးထိ ရှိနေခဲ့ကြောင်း၊ လူသားချင်းစာနာမှုလုပ်ငန်းတွေကိုအာရုံစိုက်ရမယ့် ကာလမျိုးမှာ ဒီလို တိုက်ခိုက်မှုတွေဟာချက်ချင်း ရပ်တန့်ထားဖို့ လိုအပ်ကြောင်း ရှမ်ဒါဆာနီက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ဒဏ်ကို မြန်မာပြည်သူတွေအလူးအလဲ ခံစားနေရတဲ့ အခြေအနေမှာ နောက်ထပ် သဘာဝ ကပ်ဘေးကြီးတစ်ခုနဲ့ပါ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ မြန်မာပြည်သူ ၃.၅ သန်းလောက်ဟာ စစ်ရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံ လိုအပ်ချက်တွေ ပိတ်ပင်ခံရတာတွေ ကြုံနေတယ်လို့လည်း ကုသလမဂ္ဂက ပြောကြားထားပါတယ်။
ကိုးကာ-Reuters
