အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ညီလာခံ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကို အထက်လွှတ်တော် လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌက ဝေဖန် မေးခွန်းထုတ်လိုက်ပါတယ်။
အထက်လွှတ်တော် အမတ် အန်ခါနာ နီလာပိုင်ဂျစ်က မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေအတွက် အင်မတန် နာမည်ဆိုး ထွက်နေမှန်း သိလျင်နဲ့ ဆဋ္ဌမ အကြိမ်မြောက် ဘင်းစတက် ထိပ်သီး ညီလာခံ တက်ရောက်ဖို့ ဘာကြောင့် ဖိတ်ကြားခဲ့သလဲလို့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာကို မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
သူက မင်းအောင်လှိုင် ဦးဆောင်နေတဲ့ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် တရားလက်မဲ့ သတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ နှိပ်စက်ညှင်းပန်းတာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ နောက်ပြီး ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ဖိနှိပ်မှုတွေ ကျူးလွန်နေတာ၊ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ညှိနှိုင်း လက်ခံပေးခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်က လေးစားလိုက်နာဖို့ ပျက်ကွက်တာတွေကိုလည်း အန်ခါလာက ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မင်းအောင်လှိုင်ကို အာဂျင်တီးနား တရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်ထားပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ကလည်း ဝရမ်းထုတ်ဖို့ စဉ်းစားနေတဲ့ အခြေအနေမှာ ဒီလောက် ဆိုးရွားတဲ့သူ တစ်ယောက်ကို ဖေထောင်ထန်က ဘာကြောင့် ဖိတ်ကြားခဲ့သလဲလို့ သူက ပြောပါတယ်။

Public Service Announcement
ဖေထောင်ထန်နဲ့ ထိုင်းအစိုးရဟာ ကုလသမဂ္ဂ၊ အာဆီယံ၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အပြင်းအထန် ကန့်ကွက်မှုတွေကို မျက်ကွယ်ပြုခဲ့တာလည်း ဖြစ်တယ်လို့ အန်ခါလာက ဝေဖန်ခဲ့ပါတယ်။ ဖေထောင်ထန်ဟာ သူဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အလေးထား ကာကွယ်သွားမယ်လို့ ကတိပေးခဲ့ပေမယ့် အဲဒီကတိကို မတည်ခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။
ဖေထောင်ထန်နဲ့ ထိုင်းအစိုးရဟာ မင်းအောင်လှိုင်ကို အရာထား ဖိတ်ကြားမိတဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို အတော်လေး ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဘင်းစတက် ညီလာခံအတွက် ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဝေဖန်ရှုတ်ချမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့လာစေပါတယ်။ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးချိန် ကတည်းက အရပ်သား ပြည်သူ ၆၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၃ သန်းခွဲလောက်ကို နေရပ်စွန့်ခွာ ထွက်ပြေးရအောင် ဖိနှိပ်ခဲ့တယ်လို့ AIက ဆိုပါတယ်။ နောက်ပြီး မတ်လ ၂၈ ရက်နေ့တုန်းက နိုင်ငံသမိုင်းမှာ အဆိုးဆုံး ကပ်ဘေး တစ်ခုအဖြစ် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ နောက်ပိုင်းမှာတောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေမှုကိုလည်း AIက ဝေဖန် ထောက်ပြသွားပါတယ်။ စစ်ကောင်စီဟာ ငလျင်ဘေးသင့် ကာလမှာ လူသားချင်း စာနာမှု အကူအညီတွေကို ဟန့်တား ပိတ်ပင်တာတွေနဲ့ ပတ်သက်ပြီးလည်း AIက အလေးထား သတိပေးသွားပါတယ်။
မင်းအောင်လှိုင်လို နိုင်ငံတကာ ဝရမ်းပြေး တစ်ယောက်ကို အရာထားပြီး ဖိတ်ကြားတဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အလေးအနက် စိုးရိမ်စရာ အခြေအနေမျိုး ဖြစ်နေတယ်လို့ AIက ပြောပါတယ်။ နောက်ပြီး ဘင်းစတက် ညီလာခံ တက်ရောက်ဖို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်လိုက်တဲ့ အဓိပ္ပါယ်ဟာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်တပ်ကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်မျိုးဆီ ဦးတည်သွားနိုင်ကြောင်းလည်း AIက ဝေဖန်သွားပါတယ်။
ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှုတွေအပေါ် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ နာမည်ကောင်းကို ပျက်စီးစေလိမ့်မယ်လို့လည်း AIက ဆိုပါတယ်။
အစောပိုင်းမှာတော့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက ဘင်းစတက် ထိပ်သီးညီလာခံမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပြုခဲ့တယ် ဆိုတာဟာ အိမ်ရှင် ထိုင်းနိုင်ငံ အနေနဲ့ ဘင်းစတက် အဖွဲ့ဝင် နိုင်ငံ ၇ ခုစလုံးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားရမယ့် ဝတ္တရားနဲ့အညီ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ ဘင်းစတက် ဆိုတာဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အင်အားစု တစ်ခုဆိုတာကို မမေ့သင့်ဘဲ အဖွဲ့ဝင် နိုင်ငံတစ်ခုခု မပါဘူး ဆိုတာနဲ့တင် ညှိနှိုင်းလုပ်ဆောင်မှုတွေ၊ သဘောတူညီချက်တွေက ပြည့်စုံတော့မှာ မဟုတ်ကြောင်းလည်း နစ်ခွန်ဒက်ဂျ်က ဖြေရှင်းချက် ပေးသွားခဲ့ပါတယ်။
ကိုးကား: Thai Enquirer
