close
Connect with us

Hi, what are you looking for?

သတင်း

DeepSeekရဲ့ AI နည်းပညာကို အခြေခံထားတဲ့ ဘာသာပြန် စနစ်ကို တရုတ် ကယ်ဆယ်ရေး အဖွဲ့တွေ အသုံးပြုနေ

တရုတ် ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီ DeepSeekရဲ့ စနစ်အပေါ် အခြေခံထားတဲ့ ဘာသာပြန် စနစ်တစ်ခုကို မြန်မာနိုင်ငံရောက် တရုတ် ကယ်ဆယ်ရေး အဖွဲ့တွေက အသုံးပြုနေတယ်လို့ ဆိုပါတယ်။

တရုတ် ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီ DeepSeekရဲ့ စနစ်အပေါ် အခြေခံထားတဲ့ ဘာသာပြန် စနစ်တစ်ခုကို မြန်မာနိုင်ငံရောက် တရုတ် ကယ်ဆယ်ရေး အဖွဲ့တွေက အသုံးပြုနေတယ်လို့ ဆိုပါတယ်။

အဲဒီ တရုတ်-မြန်မာ ဘာသာပြန် စနစ်ဟာ ငလျင်ဘေးသင့် ကယ်ဆယ်ရေးအတွက် အထူးပြုပြီး အရေးပေါ် ဖန်တီးထားတာ ဖြစ်ပါတယ်။ စနစ်ဟာ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စတွေမှာ သုံးနှုန်းတဲ့ ဝေါဟာရတွေအတွက် အချိန်နဲ့ တပြေးညီ အနီးစပ်ဆုံး ဘာသာပြန်နိုင်အောင် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

DeepSeekရဲ့ AI ပလက်ဖောင်းပေါ်မှာ အခြေခံပြီး အဲဒီ စနစ်ကို ဘေဂျင်း ဘာသာစကားနဲ့ ယဉ်ကျေးမှု တက္ကသိုလ် (BLCU)ရဲ့ အင်္ဂလိပ်နဲ့ နိုင်ငံတကာ လေ့လာရေး ကျောင်းအုပ် ဟန်လင်ကျိုနဲ့ တခြား ပညာရှင်တွေ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး နောက်တစ်နေ့မှာပဲ အရေးပေါ် အသုံးပြုဖို့အတွက် အဲဒီစနစ်ကို တီထွင်ခဲ့တာပါ။ တရုတ်-မြန်မာ ဘာသာပြန်တဲ့ နည်းပညာ ဝန်ဆောင်မှုတချို့ ရှိပေမယ့် ကယ်ဆယ်ရေး ကဏ္ဍအတွက် တိတိကျကျ ရည်ရွယ် ဖန်တီးထားတာမျိုးတော့ မဟုတ်ကြောင်း၊ ဒါပေမဲ့ အခု စနစ်ကတော့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား စီစဉ်ပေးထားကြောင်း ဟန်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စတင်ထုတ်ဝေပေးပြီးချိန် ကတည်းက လက်တွေ့ အသုံးပြုနေတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ တုံ့ပြန် အကြံပြုချက်တွေကို မူတည်ပြီး စနစ်ကို တောက်လျှောက် updateလုပ်ရင်း လိုအပ်ချက်တွေ ဖြည့်တင်းပေးနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီ စနစ်မှာ ဘာသာပြန် ဝန်ဆောင်မှု ၂၈၅၀ ကျော်ရဲ့ အချက်အလက်တွေကို ချိတ်ဆက် အသုံးပြုထားတယ်လို့ သိရပါတယ်။

တရုတ် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်ဘေးသင့် မြန်မာနိုင်ငံဆီ အစောဆုံး ရောက်ရှိခဲ့တဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ယူနန်အခြေစိုက် အဖွဲ့တစ်ခုဟာ ငလျင်အပြီး ၁၈ နာရီ အကြာမှာပဲ ငလျင်ဘေးသင့် ဒေသတွေဆီ စတင် ရောက်ရှိခဲ့တယ်လို့ ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဧပြီ ၂ ရက်နေ့ထိ အခြေအနေအရ တရုတ် ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူ အနည်းဆုံး ၉ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ၃၀၈၅ ဦး ရှိလာပြီး ၄၇၁၅ ဦး ဒဏ်ရာရ၊ ၃၄၁ ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ