တတိယ သမ္မတ သက်တမ်း တာဝန်ယူနိုင်ခွင့်အတွက် စဉ်းစားနေတယ် ဆိုတာဟာ နောက်ပြောင်တာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့တုန်းက NBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က အခုလို ပြောဆိုသွားခဲ့တာပါ။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လူပုဂ္ဂိုလ် တစ်ဦးအတွက် ၄ နှစ် သမ္မတသက်တမ်း နှစ်ကြိမ်ထက် ပိုမို ထမ်းဆောင်ခွင့် မပြုဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ထရမ့်ဟာ ဆက်တိုက် မဟုတ်တဲ့ သမ္မတသက်တမ်း ဒုတိယ တစ်ကြိမ်ကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင် တာဝန်ယူခဲ့ပြီး တတိယ သက်တမ်း တာဝန်ယူဖို့ စိတ်ဝင်စားတယ် ဆိုတာမျိုး အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ NBCက ၁၀ မိနစ်ကြာ ဖုန်းအင်တာဗျူးထဲမှာ မေးမြန်းခဲ့တဲ့အခါ ထရမ့်က သူဟာ နောက်ပြောင်ပြောခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တတိယ သက်တမ်းအကြောင်း တကယ်တမ်း စဉ်းစားဖို့ ဆိုတာက လောလောဆယ်မှာ အရမ်း စောလွန်းနေသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Public Service Announcement
အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ သမ္မတ တစ်ဦးဟာ ၄ နှစ်သက်တမ်းကို ဆက်တိုက်ဖြစ်စေ၊ အချိန်ခြားပြီးဖြစ်စေ နှစ်ကြိမ်ထက် ပိုတာဝန်ယူခွင့် မရှိဘူးလို့ တိတိကျကျ ပြဋ္ဌာန်းထားပါတယ်။
သမ္မတသက်တမ်းကို နှစ်ကြိမ်ထက် ပိုပြီး တိုးမြှင့်ဖို့ ဆိုတာဟာ အောက်လွှတ်တော် အမတ် သုံးပုံနှစ်ပုံနဲ့ အမေရိကန် ပြည်နယ် ၅၀ ထဲက လေးပုံသုံးပုံရဲ့ ထောက်ခံ အတည်ပြုချက် လိုအပ်ပါတယ်။ ထရမ့်ရဲ့ မဟာမိတ် တချို့က ထရမ့်ဟာ လက်ရှိ သမ္မတသက်တမ်း ကုန်ဆုံးမယ့် ၂၀၂၉ နှစ်စပိုင်း အလွန်ထိ အိမ်ဖြူတော်မှာ ဆက်ရှိနေသင့်တယ်ဆိုတဲ့ သဘောမျိုးကို အကဲစမ်းပြီး ဝါဒဖြန့်မှုတွေလည်း ရှိနေပါတယ်။
ထရမ့်ဟာ အသက် ၇၈ နှစ် ရှိပြီဖြစ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၉ နှစ်ဆန်းပိုင်းမှာတော့ ထရမ့်ရဲ့ အသက်ဟာ ၈၂ နှစ် ရှိနေမှာပါ။
၁၇၉၆ ခုနှစ်မှာ အမေရိကန် သမ္မတ ဂျော့ဂျ်ဝါရှင်တန်ဟာ သမ္မတသက်တမ်း နှစ်ကြိမ်ပဲ တာဝန်ယူရမယ့် မူဝါဒကို ရှေ့ဆောင်လမ်းပြ စတင်ချမှတ်ခဲ့ပြီး နှစ်ပေါင်း ၁၄၀ ကျော်အောင် အမေရိကန် သမ္မတ အဆက်ဆက်က လေးစား လိုက်နာခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်ကာလ သမ္မတဖြစ်သူ ဖရန်ကလင် ရုစ်ဗဲ့လ်ကတော့ အစဉ်အလာကို ချိုးဖောက်ပြီး တတိယ ၄ နှစ်သက်တမ်းကို တာဝန်ယူခဲ့သလို ၁၉၄၅ ခုနှစ်၊ သူ့ရဲ့ စတုတ္ထ လေးနှစ်သက်တမ်း အစမှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၁ ခုနှစ်မှာတော့ သမ္မတသက်တမ်းကို ကန့်သတ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုကို ဆုံးဖြတ် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ ကာလရှည်ကြာ အကြံပေး တစ်ဦးဖြစ်သူ စတိဗ်ဘာနွန်ကတော့ သမ္မတ ထရမ့်ဟာ ၂၀၂၈ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြေ ရှိနေဆဲလို့ မှတ်ချက်ပေးထားပါတယ်။ သမ္မတ သက်တမ်း ကန့်သတ်ချက်ကို ပြောင်းလဲတာမျိုး အပါအဝင် အဲဒီရည်မှန်းချက် အထမြောက်နိုင်မယ့် နည်းလမ်းတချို့ကို ထရမ့်ရဲ့ အမာခံ အင်အားစုတွေက ရှာဖွေနေကြဆဲ ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။
ကိုးကား: NBC
