ဧပြီ-၂၊၂၀၂၅။ သုည/People’s Spring
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-လားရှိုးလမ်းမပေါ်ရှိ Power KTV၌ ယနေ့ (ဧပြီ ၂) ညပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မန္တလေးမြို့ပတ်လမ်း ၁၂ ပန်နားက Power KTV မီးလောင်တာပါ။ ဝါယာရှော့ဖြစ်တယ်လို့ သိရတယ်။ မီးကတော်တော်များတယ်။ ဆိုင်တစ်ဆိုင်လုံးနီးပါး ကုန်သွားပါတယ်။ မီးသတ်ကားတွေ လူနာတင်ကားတွေလည်း အများကြီးပဲ သွားတာတွေ့ရတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ ကြားပါတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
ယနေ့ ည ၉ နာရီ ၄၃မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာအနီး မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ ၂၈မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement
သို့သော် မီးလောင်မှုအကြောင်းအရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုကို မီးသတ်တပ်ဖွဲ့က ဖော်ပြထားခြင်း မရှိသေးပေ။
ငလျင်ဒဏ်ခံနေရသည့် မန္တလေးမြို့တွင် နှစ်ရက်ဆက် မီးလောင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ညပိုင်းကလည်း မီးရထားဝန်ထမ်းအိမ်ရာအနီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
