close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာတဲ့ အမေရိကန် နိုင်ငံတကာ အထောက်အပံ့ ရပ်စဲမှုများ

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့ ရန်ပုံငွေတွေကို ရပ်စဲတော့မယ်လို့ သမ္မတ ဒေါ်နယ်လ် ထရမ့်က ကြုံးဝါးနေချိန် ကတည်းက တရုတ်ဟာ အဲဒီ ဟာကွက်ကို ဝင်ဖြည့်ပြီး အမြတ်ထုတ်လာနိုင်တယ်လို့ ဝေဖန် ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့ ရန်ပုံငွေတွေကို ရပ်စဲတော့မယ်လို့ သမ္မတ ဒေါ်နယ်လ် ထရမ့်က ကြုံးဝါးနေချိန် ကတည်းက တရုတ်ဟာ အဲဒီ ဟာကွက်ကို ဝင်ဖြည့်ပြီး အမြတ်ထုတ်လာနိုင်တယ်လို့ ဝေဖန် ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ အခုတော့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင် (USAID) အပါအဝင် အမေရိကန် အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေကို အစိုးရက ရုပ်သိမ်းလိုက်ခြင်းနဲ့အတူ အဲဒီ အခြေအနေဟာ ထင်ထားတာထက် ပိုမြန်မြန် လက်တွေ့ ဖြစ်လာနေပါပြီ။

ထရမ့်က အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေဟာ အခွန်ထမ်း ပြည်သူတွေရဲ့ အခွန်ငွေတွေကို အလဟဿ ဖြုန်းတီးမှုမြောက်တယ် ဆိုတာမျိုး စွပ်စွဲချက်ကို အင်တိုက်အားတိုက် ပုံဖော်ခဲ့ပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာအနှံ့က အကူအညီ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေကို လူသားချင်း စာနာမှုနဲ့ တခြားအကူအညီတွေ အများဆုံး ပေးပို့ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဲဒီအတွက် အမေရိကန်ဟာ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ ကုန်ကျခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အလဟဿ ပြုန်းတီးနေတာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီ နိုင်ငံတကာ အထောက်အပံ့တွေဟာ soft powerလို့ခေါ်တဲ့ အနုနည်းနဲ့ ဩဇာသက်ရောက်မှု တည်ဆောက်ယူရာမှာ အမေရိကန်အတွက် အဓိက အကျဆုံး အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ထရမ့်က နိုင်ငံတကာ ထောက်ပံ့မှုတွေ အားလုံးနီးပါးကို ရုပ်သိမ်းနေတယ် ဆိုတာဟာ အမေရိကန် အစိုးရ အဆက်ဆက် နှစ်ပေါင်းများစွာ တည်ဆောက်ယူခဲ့တဲ့ soft power အဆောက်အအုံကြီးကို ဖြိုချနေတာနဲ့ မခြားပါဘူး။ တရုတ်ဟာ အဲဒီ ဖြစ်နိုင်ခြေကို ကြိုတင် တွက်ဆထားပြီး ဖြစ်တာနဲ့အညီ အမေရိကန် အထောက်အပံ့ ရုပ်သိမ်းမှုတွေကြောင့် ယိမ်းယိုင်သွားတဲ့ နိုင်ငံတချို့မှာ အဲဒီ ဟာကွက်ကို ခြေမြန်လက်မြန် ဝင်ဖြည့်နေပါပြီ။ တစ်နည်းအားဖြင့် အမေရိကန် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ soft power လေဟာနယ်ကို တရုတ်က ကိုယ်ပိုင် အခွင့်အရေးအဖြစ် ပြောင်းလဲယူပြီး အသုံးချဖို့ ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

ငွေကြေးချမ်းသာလာပြီး စူပါပါဝါ နိုင်ငံအဆင့်ကို မြန်မြန်ဆန်ဆန် တက်လှမ်းခဲ့တဲ့ တရုတ်ဟာ ကိုယ်တိုင်လည်း နိုင်ငံတကာ အထောက်အပံ့တွေ ဖြန့်ဝေနိုင်စွမ်းမျိုး အရင်ကတည်းက ရှိခဲ့ပေမယ့် အမေရိကန်ရဲ့ လူသားချင်း စာနာမှု ထောက်ပံ့ရေးဆိုင်ရာ ချန်ပီယံ နိုင်ငံဆိုတဲ့ ပုံရိပ်ကိုတော့ မကျော်နိုင်ပါဘူး။ အဲဒီ လွှမ်းမိုးမှုမျိုးကို ရအောင် အမေရိကန်ဟာ ငွေတွေ အများကြီး လှူခဲ့၊ ထောက်ပံ့ခဲ့သလို အချိန်အကြာကြီးလည်း ရင်းနှီးမြှုပ်နှံခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်ဖို့အတွက် အမေရိကန်ရဲ့ ခေတ်မီဆန်းသစ်တဲ့ စစ်အင်အားက အရေးကြီးသလို အဲဒီ soft powerကလည်း လိုအပ်တာပါပဲ။ တရုတ်ဟာ အမေရိကန်နဲ့ ယှဉ်ပြီး နိုင်ငံတကာ ထောက်ပံ့ကြေးတွေ ပေးနေနိုင်တယ် ဆိုဦးတော့၊ နိုင်ငံတကာ အရေးကိစ္စတွေမှာ အမေရိကန်အပေါ် မော်ကြည့်နေရတဲ့ အခြေအနေကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အခုတော့ ဘေဂျင်းက ပုဂ္ဂိုလ်တွေအတွက် ဝမ်းသာစရာ အခြေအနေအဖြစ် ထရမ့်ဟာ အဲဒီ soft power ပလက်ဖောင်းကြီးကို သူ့လက်နဲ့ ကိုယ်တိုင် ဖြိုချပေးနေပြီ ဖြစ်ပါတယ်။

USAIDရဲ့ ပရောဂျက် ၈၄ ရာခိုင်နှုန်းထက် မနည်းကို ရပ်တန့်စေခဲ့တဲ့ အမေရိကန် အစိုးရရဲ့ အမိန့်ကြောင့် အထိနာခဲ့တဲ့ နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားကလည်း ထိပ်ပိုင်း ခပ်ကျကျ နေရာကနေ ပါဝင်ပါတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အမေရိကန်ဟာ ကမ္ဘောဒီးယားအတွက် အထောက်အပံ့ ပေးထားတဲ့ ပရောဂျက်တွေထဲက အရေးကြီးတဲ့ နှစ်ခုကို ဖျက်သိမ်းစေခဲ့ပါတယ်။ အဲဒါတွေကတော့ ကလေးတွေ စာတတ်မြောက်ရေး ပရောဂျက်နဲ့ ၅ နှစ်အောက် ကလေးတွေကို အာဟာရ ဖြည့်တင်းရေး ကူညီတဲ့ ပရောဂျက်တွေ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေ ဆုတ်ခွာခြင်းကြောင့် အဲဒီပရောဂျက်တွေ ယိမ်းယိုင်သွားမှုဟာ တစ်ပတ်ပဲ ကြာခဲ့ပါတယ်။

တရုတ်ရဲ့ ထောက်ပံ့ရေး အေဂျင်စီ တစ်ခုက ကမ္ဘောဒီးယားအတွက် ပရောဂျက်နှစ်ခုကို ရန်ပုံငွေ ပံ့ပိုးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အံ့ဩဖို့ ကောင်းတာက ပရောဂျက် နှစ်ခုရဲ့ ရည်ရွယ်ချက်တွေဟာ အမေရိကန် ဆုတ်ခွာသွားတဲ့ အကြောင်းအရာ နှစ်ခုနဲ့ တစ်ထပ်တည်းနီးပါး တူညီနေပါတယ်။ ကလေးတွေ ဆိုတာဟာ နိုင်ငံတစ်ခုရဲ့ အနာဂတ် ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဝမ်ပင်ပင်းက ဆိုပါတယ်။ ဒါကြောင့်လည်း ကလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းလာအောင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ သူက ဆက်ပြောပါသေးတယ်။

ဒီပရောဂျက်တွေအတွက် ထောက်ပံ့ကြေး ဘယ်လောက် ပေးမလဲ ဆိုတာကို တရုတ်က မပြောပေမယ့် အမေရိကန်ကြောင့် လစ်ဟာသွားတဲ့ ဘတ်ဂျတ်ကို ဖြည့်ဆည်းပေးမယ်လို့ ယုံကြည်ရပါတယ်။ ထရမ့်ရဲ့ အစိုးရက စာချုပ်ဝန်ထမ်းတွေကို အစုအပြုံလိုက် အလုပ်ထုတ်ပစ်ခြင်းအားဖြင့် ဒေါ်လာ ၂၇.၇ ဘီလီယံလောက် စရိတ် သက်သာသွားတယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားက ရပ်ဆိုင်းသွားတဲ့ ပရောဂျက်တွေအတွက် ထောက်ပံ့မှုဟာ ဒေါ်လာ သန်း ၄၀ ဝန်းကျင်ဖြစ်ပြီး အဲဒီ ငွေပမာဏရဲ့ အစွန်းထွက်တောင် မရှိပါဘူး။

ဒါပေမဲ့ တစ်နိုင်ငံလုံးရဲ့ တစ်နှစ်စာ ဝင်ငွေ GDPဟာ အမေရိကန်ရဲ့ ဗားမောင့် ပြည်နယ် တစ်ခုစာလောက်သာ ရှိနေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေး ကမ္ဘောဒီးယား အတွက်တော့ ဒေါ်လာ သန်း ၄၀ ဆိုတာဟာ အများကြီး ဖြစ်နေပါတယ်။ အခုအချိန်မှာတော့ လစ်ဟာသွားတဲ့ နိုင်ငံခြား ထောက်ပံ့ငွေတွေကို ပြန်လည် အစားထိုးရေးက ကမ္ဘောဒီးယားအတွက် အရေးအကြီးဆုံး ဖြစ်နေမှာပါ။ ဒီတော့ အမေရိကန်လိုပဲ တရုတ်ဟာလည်း soft power တည်ဆောက်ဖို့ အစားထိုး ထောက်ပံ့မှုတွေ လုပ်လာတာ၊ အမေရိကန်ထက်တောင် ပိုနက်ရှိုင်းတဲ့ ရည်မှန်းချက်တွေ ရှိနေနိုင်တာကို သိပေမယ့် ကမ္ဘောဒီးယားကတော့ ခေါင်းညှိတ် လက်ခံမှာပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အစိုးရဟာ တရုတ်ရဲ့ မဟာမိတ်ဖြစ်ပေမယ့် တရုတ်ရဲ့ ဩဇာအောက် ရာနှုန်းပြည့် ကျရောက်မသွားအောင် အမေရိကန်ဟာ ခေါင်းစဉ်မျိုးစုံနဲ့ ထောက်ပံ့မှုတွေ ပေးပို့ရင်း နိုင်ငံရေး ဩဇာ ချိန်ခွင်လျှာကို ဟန်ချက် ပြန်ထိန်းညှိထားပေးခဲ့ပါတယ်။ အခုတော့ အဲဒီ မဟာဗျူဟာ ချဉ်းကပ်မှုကို ထရမ့်က အသာတကြည် လက်လျှော့ပေးပြီး တရုတ်က သက်တောင့်သက်သာ လက်လွှဲယူသွားပါပြီ။ ပြိုင်ဘက်ကြီး တရုတ်ကို ထရမ့်ဟာ soft power အခင်းအကျင်းမှာ နောက်ထပ် ဘယ်လို အသာစီး အခြေအနေတွေ ဖန်တီးပေးနေဦးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။

အရေးကြီးတဲ့ တစ်ချက်က တရုတ်ဟာ အမေရိကန်လိုမျိုး ကမ္ဘာ့လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာအလှူရှင်ကြီးဆိုတဲ့ အဆင့်ကို ရည်ရွယ်မထားပါဘူး။ အမေရိကန် ဆုတ်ခွာသွားတဲ့ နိုင်ငံတကာ အထောက်အပံ့ ပရောဂျက်တွေကို စိမ်ပြေနပြေ ဆန်းစစ်လေ့လာရင်း တရုတ်ဟာ ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ကိုက်ညီမယ့် နိုင်ငံတွေ၊ နယ်မြေတွေက ပရောဂျက်တွေကိုပဲ ဝင်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားက ပရောဂျက် နှစ်ခုကို အမေရိကန် ဆုတ်ခွာပြီး တစ်ပတ်အတွင်း တရုတ်က အစားထိုး တာဝန်ယူလာတာဟာ အကောင်းဆုံး ဥပမာပါပဲ။

အခုဆိုရင် တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ ခေါင်းဆောင်တွေဟာ နီပေါပြည်သူတွေအတွက် အထောက်အပံ့ အကူအညီတွေ ပေးချင်ပါတယ်လို့ နီပေါ အစိုးရ အရာရှိတွေဆီ စကားကမ်းလှမ်းထားပါပြီ။ အလားတူ အာဖရိက နိုင်ငံတချို့မှာလည်း အမေရိကန် ချန်လှပ်ထားခဲ့တဲ့ ဟာကွက်ကို တရုတ်က စိတ်ဝင်တစား ဆန်းစစ် လေ့လာနေပြီး soft powerအတွက် ခြေတစ်လှမ်းတိုးဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ USAID အပါအဝင် အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေ ဆုတ်ခွာသွားတဲ့ အချိန်မှာ မျက်ကလူးဆန်ပြာ ဖြစ်သွားတဲ့ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံတွေထဲကမှ တရုတ်ဟာ ကိုယ်ကျိုးစီးပွားနဲ့ အကိုက်ညီဆုံး ပစ်မှတ်တွေကို စိမ်နြေပြေ ရွေးနေရုံပါပဲ။

စူပါပါဝါ ဖြစ်တဲ့ တရုတ်ဟာ ငွေကြေးဓန အင်အား အရမ်းတောင့်တင်းသလို ထူးခြားပြီး ခိုင်မာတဲ့ ဗဟို ချုပ်ကိုင်မှု အာဏာစက်လည်း ရှိနေကြောင်း၊ ဒီတော့ ငွေကြေး ရင်းမြစ်တွေကို အစိုးရ အလိုကျ soft power တည်ဆောက်မှု အပိုင်းမှာ လွယ်လွယ်ကူကူ ရွှေ့ပြောင်းပြီး ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဂျပန်ရဲ့ ဆိုခါ တက္ကသိုလ်မှာ နိုင်ငံတကာရေးရာ အခင်းအကျင်း ကျွမ်းကျင်သူ တစ်ဦးအဖြစ် တာဝန်ယူထားတဲ့ တိုင်ဝီလမ်က ပြောပါတယ်။ ထရမ့်က USAIDနဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး အထောက်အပံ့တွေကို ဖျက်သိမ်းဖို့ ဟန်ရေးပြနေချိန် ကတည်းက တရုတ်ဟာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေအတွက် ခပ်မြန်မြန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တရုတ် ကိုယ်တိုင်ကလည်း အမေရိကန်နဲ့ ယှဉ်ပြိုင်ပြီး soft power တည်ဆောက်ရာမှာ ကိုယ်ပိုင် နည်းလမ်းတွေကို သုံးခဲ့ပြီးသားပါ။ ဒါပေမဲ့ တရုတ်ရဲ့ အဓိက အသုံးများတဲ့ ဗျူဟာက ပစ်မှတ်နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံ ပရောဂျက်တွေမှာ ပါဝင် ရင်းနှီးမြှုပ်နှံပေးခြင်းမျိုး ဖြစ်ပါတယ်။ အခုတော့ အဲဒီ ကဏ္ဍမှာတင် မကဘဲ အမေရိကန်ရဲ့ တစ်ချိန်က အသာစီး ရခဲ့တဲ့ နယ်ပယ်ထဲမှာပါ တရုတ်က ဝင်ရောက် နေရာယူဖို့ လမ်းပွင့်လာပါပြီ။ တရုတ်ဟာ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ အလယ်ပိုင်းအာရှ ဒေသတွေမှာ အမေရိကန်အစား အထောက်အပံ့တွေ ဖြည့်တင်းပေးပြီး ဩဇာ တည်ဆောက်ဖို့ ပိုပြီး ဦးစားပေးလာနိုင်တယ်လို့ ယူရေးရှား နိုင်ငံတကာရေးရာ အကြံပေး အဖွဲ့ရဲ့ တရုတ်နဲ့ အရှေ့မြောက်အာရှရေးရာ သုတေသီ ဂျရမီချန်က သုံးသပ်ခဲ့ပါတယ်။ သူကလည်း တရုတ်ဟာ USAIDရဲ့ လစ်ဟာသွားမှု အားလုံးကို လိုက်ဖြည့်မှာ မဟုတ်ဘဲ တရုတ်အစိုးရရဲ့ soft power တည်ဆောက်ရေး ဦးစားပေး နယ်မြေတွေကိုပဲ ချဉ်းကပ်လိမ့်မယ်လို့ပဲ ယူဆထားပါတယ်။

၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ USAIDရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ပရောဂျက်တွေအတွက် ဒေါ်လာ ၃၂.၅ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ တရုတ်ကလည်း နိုင်ငံခြား အထောက်အပံ့တွေ ကူညီပေးပို့ခဲ့ပေမယ့် ကိန်းဂဏန်း အတိအကျကိုတော့ မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ အနီးစပ်ဆုံး ခန့်မှန်းချက်က ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၇.၉ ဘီလီယံလောက် သုံးစွဲခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အမေရိကန်အနေနဲ့ကူညီဖို့အတွက် မြန်မာနိုင်ငံနဲ့ စကားပြောထားတယ်လို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ တင်သွင်းတဲ့ ကားနဲ့ ကားအစိတ်အပိုင်းတွေကို အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပူတင်က ထရမ့်နဲ့ နှစ်နာရီခွဲလောက် ဖုန်းပြောခဲ့တဲ့ အတောအတွင်း ချက်ချင်း အပစ်ရပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို ဆင်ခြေပေါင်း ၁၆၀၀၀ လောက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဒီကာလ နိုင်ငံတကာရေးရာတွေ ပြောကြဆိုကြတဲ့အခါ မပါမဖြစ်ပါလာပြီး ခြိမ်းသံခြောက်သံလိုတောင်ဖြစ် လာတဲ့ ဝေါဟာရတစ်ခုရှိပါတယ်။ အဲဒါကတော့ tariff ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်။

Facebook