■စစ်သုံ့ပန်းများဖမ်းဆီးရရှိပြီး စစ်ကောင်စီတပ်၏ဒရုန်းနှင့် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိ
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၂၃၆) ခြေလျင်တပ်ရင်း (ခလရ-၂၃၆)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၀ ရက်မနက် ၈ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ထုတ်ပြန်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များသည် ဗန်းမော်ရှိ စကခ(၂၁) တပ်ဌာနချုပ်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။စစ်ကောင်စီဘက်ကလည်း လေယာဉ် ၊ ဒရုန်း ၊လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်ဟုလည်း KIAက အသိပေးသည်။

Public Service Announcement
ခလရ(၂၃၆) တပ်ရင်း သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်သုံ့ပန်းများစွာဖမ်းဆီးရရှိခဲသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့ပြင် စစ်တပ်၏ဒရုန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“၇၀ ကျော် ဖမ်းမိတယ်။ သေတာလည်းများတယ်။ အရေအတွက်ပြောဖို့ခက်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ခလရ(၂၃၆) တပ်ရင်းကို ဖေဖော်ဝါရီ ၁၇ရက်ကတည်းက သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
KIA ပူးပေါင်းတပ်များသည် ခလရ(၂၃၆)အပါအဝင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သော အမတ(၃၆၆) တပ်ကိုလည်း အပြီးသတ်သိမ်းပိုက်ပြီးဖြစ်သည်ဟုသိရသည်။ စကခ( ၂၁) ရှေ့ရှိ ကာထားသော ခလရ (၂၃၆) ၊ အမတ (၃၆၆)တို့ကို သိမ်းပိုက်လိုက်ပြီဖြစ်၍ KIA နှင့် ပူးပေါင်းတပ်များထိုးစစ်မှည စကခ(၂၁) အနီးရောက်လာပြီဖြစ်သည်။
ထို့ပြင် ဗန်းမော် လေယာဉ်ကွင်းတစ်ခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA ပူးပေါင်းတပ်သည် ဇန်နဝါရီလကုန်ကတည်းက ဗန်းမော်လေယာဉ်ကွင်း အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ပြီး ခလရ(၂၃၆)ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းနှင့်အတူ လေယာဉ်ကွင်း တခုလုံးကိုပါအပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့တွင် အသိပေးသည်။
“လေယာဉ်ကွင်း ၄မိုင်ခန့်ရှည်ပါတယ်။…။ ကွင်းနဲ့ကပ်တဲ့ လ ၂၃၆ ရမှ ကွင်း ပတ်ပတ်လည် တပ်မရှိတော့ပါ”ဟုကချင်သတင်းရင်းမြစ်ကခလရ(၂၃၆)သိမ်းပိုက်နိုင်မှုနှင့် လေယာဉ်ကွင်းတစ်ခုလုံး သိမ်းပိုက်နိုင်မှု အခြေအနေကို ရှင်းပြထားသည်။
နှစ်လခွဲကျော်ကြာပြီဖြစ်သည့် ဗန်းမော်တိုက်ပွဲတွင် အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ်၊ ခြေလျင်တပ် အပါအဝင် တပ်ရင်းဌာနချုပ်များ ၊ တပ်စွဲရာနေရာများ တခုပြီး တခု ကျရှုံးနေသည့် စစ်ကောင်စီတပ်သည် Cluster Bomb များ၊ Thermobaric Bombများ အသုံးပြု တိုက်ခိုက်လျက်ရှိပြီး လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံလျက်ရှိသည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးထားသည်။
