အရပ်ဖက် သင်္ဘော တစ်စီးနဲ့ တိုက်မိခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောရဲ့ ကိုယ်ထည် ထိခိုက်မှု မှတ်တမ်း ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
USS Harry S. Truman လေယာဉ်တင် သင်္ဘောကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆူးအက်ဇ် တူးမြောင်း ဝင်ပေါက်နား၊ မြေထဲပင်လယ်မှာ အရပ်ဖက် ရေယာဉ် တစ်စီးနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အခုသီတင်းပတ် အစောပိုင်းကစလို့ ဂရိနိုင်ငံ၊ ဆူဒါဘေးမှာရှိတဲ့ အမေရိကန် ရေတပ်စခန်း တစ်ခုမှာ အရေးပေါ် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ဆိုက်ကပ် ရပ်နားထားခဲ့ပါတယ်။
အခုအခါ အမေရိကန် ရေတပ်က ထုတ်ပြန် ပြသထားတဲ့ ဓာတ်ပုံတွေမှာတော့ ပေပေါင်း ၁၁၀၀ ရှည်လျားပြီး နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ ဧရာမ စစ်သင်္ဘောကြီးရဲ့ ကိုယ်ထည်ဘေးဖက်မှာ သိသာတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
အမေရိကန် ရေတပ်ကတော့ လေယာဉ်တင် သင်္ဘောဟာ အပေါ်ယံ ထိခိုက်မှုတွေပဲ ကြုံတွေ့ခဲ့ပြီး စစ်ဆင်ရေး စွမ်းရည်ဆိုင်ရာ ထိခိုက်မှုတွေတော့ မရှိဘူးလို့ ပြောပါတယ်။

Public Service Announcement
ထိခိုက်မိတဲ့ထဲမှာတော့ သင်္ဘောကိုယ်ထည် ဘေးဖက်က စောင့်ကြည့် ပလက်ဖောင်းတစ်ခု၊ ကိုယ်ထည်နောက်ပိုင်းကို ဆက်သွယ်တဲ့ ပိုက်လိုင်း၊ ကုန်လှောင်ခန်းနှစ်ခုနဲ့ ပြင်ဆင်ရေး ကိရိယာ တန်ဆာပလာတွေထားတဲ့ ဧရိယာတို့ ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဂရိက ရေတပ်စခန်းထဲမှာ အင်ဂျင်နီယာတွေနဲ့ ဗိသုကာတွေ ပူးပေါင်းပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကို အသေးစိတ် စစ်ဆေးနေသလို မကြာခင် ပြင်ဆင်မှုတွေအတွက် စနစ်တကျ အစီအစဉ် ရေးဆွဲ အစပြုနိုင်မယ်လို့ ဆိုပါတယ်။
USS Harry S. Trumanဟာ အီဂျစ်ကမ်းလွန်က သင်္ဘောအသွားအလာ ထူထပ်ရာ ဆူးအက်ဇ် တူးမြောင်းဝမှာ ပနားမားနိုင်ငံအလံ လွှင့်ထူထားပြီး ၆၁၇ ပေရှည်တဲ့ Besiktas-M ရေနံတင် သင်္ဘောနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ Besiktas-M ရေယာဉ်မှာလည်း ကိုယ်ထည် ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ပေမယ့် ရေယာဉ် နှစ်စီးစလုံးမှာ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
အမေရိကန် ရေတပ်ကတော့ တူးမြောင်းကို ဖြတ်သန်းဖို့ သင်္ဘောတွေ အများအပြား စောင့်ဆိုင်းနေကြတဲ့ အခြေအနေမှာ အခုလို မတော်တဆ တိုက်မိမှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ရေတပ်ရဲ့ တိုက်ရေယာဉ် ဦးစီးမှူးဟောင်း တစ်ဦးဖြစ်တဲ့ ကားလ်ရှူစတာက အဲဒီလို အရေအတွက် အများအပြား စုဝေးပြီး စောင့်ဆိုင်းနေတဲ့ အချိန်တွေဆိုရင် သင်္ဘောတွေဟာ ရှောင်ရတိမ်းရမယ့်နေရာ အရမ်းကျဉ်းသွားတတ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ရေလမ်းကြောင်း အချက်ပြမှု နည်းနည်းလေး မှားယွင်းတာ၊ တစ်ဖက်သင်္ဘောရဲ့ လားရာကို မှားယွင်း တွက်ဆတာ၊ ဒါမှမဟုတ် ဆုံးဖြတ်ချက် နှေးကွေးတာမျိုး ကိစ္စသေးသေးလေးတွေကတောင် အန္တရာယ်ရှိတဲ့ အခြေအနေဆီ ဦးတည်သွားစေနိုင်တယ်လို့ သူက ပြောပါတယ်။
USS Harry S. Truman လေယာဉ်တင် သင်္ဘောက ဦးဆောင်ပြီး ဖျက်သင်္ဘော ၃ စီး၊ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာ စစ်သင်္ဘော ၁ စီး ခြံရံ လှုပ်ရှားနေတဲ့ တိုက်ရေယာဉ်အုပ်ရဲ့ ဦးစီးမှူး နောက်တန်း သေနာပတိ ရှောင်ဘိုင်လီကတော့ လောလောဆယ် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် အဲဒီ ရေတပ်ဖွဲ့ဟာ မြေထဲပင်လယ်တဝိုက် ရေပြင်မှာ စစ်ရေးတာဝန်တွေ ဆက်လက် ထမ်းဆောင်နေမှာ ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။
ကိုးကား: CNN
