တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ သာဂရမြို့ဟောင်းမှ မြို့ရိုးအားဖြိုချအကွက်ရိုက်ရောင်းချနေသည်ဆိုခြင်းအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုရက်ပိုင်းအတွင်းလုပ်ဆောင်နိုင်ရန် ပြင်ဆင်နေကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ-ထားဝယ်ခရိုင်(DDMSC)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မြေကွက်ရိုက်ရောင်းစားသည်ဟု စွပ်စွဲခံရသော ဗထူးတပ်မတော် (BHA)က ထားဝယ်ခရိုင်သပိတ် ကော်မတီအပါအဝင် မည်သည့်တော်လှန်ရေးအင်အားစုမဆို လက်တွေ့ကျကျလာရောက် စစ်ဆေးနိုင်ကြောင်း ဖေဖော်ဝါရီ ၁၈ရက်တွင် တရားဝင်စာထုတ် ဖိတ်ခေါ်ခဲ့ခြင်းကို DDMSCက အထက်ပါအတိုင်း ပြောကြားလာခြင်း ဖြစ်သည်။
“အမြန်ဆုံး ကွင်းဆင်းစစ်ဆေးနိုင်ဖို့ ကြိုးပမ်းသွားပါမယ်။ အခုရက်ပိုင်းအတွင်းပဲ အကောင် ထည်ဖော် သွားပါမယ်”ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ-ထားဝယ် ခရိုင် (DDMSC)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ကွင်းဆင်းစစ်ဆေးမှုများကို ထားဝယ်အခြေစိုက် တော်လှန်ရေးအင်အားစုများ၊ သာဂရမြို့ဟောင်းအား သုတေသနပြုလုပ်ဖူးသည့် သုတေသနပညာရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
ထို့အပြင် မြို့ရိုးဖြိုချမှုတွင် ပါဝင်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မြေကွက်ပိုင်ရှင်များနှင့် ဒေသခံပြည်သူများ ရှေ့မှောက်တွင် ကွင်းဆင်းလေ့လာပြီး ဖြေရှင်းခွင့်ရမည်ဆိုပါက လာရောက်ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း DDMSCက ဖေဖော်ဝါရီ ၁၈ရက်တွင် တရားဝင်အသိပေးထုတ်ပြန်ထားသည်။
အလားတူ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှလည်း သာဂရမြို့ဟောင်းရှိ မြို့ရိုးများကို လက်နက်ကိုင်လူတစ်စုက စက်ရန္တယားများသုံးကာ ဖြိုချဖျက်ဆီးနေသည်ကိုတွေ့ရပြီး ယင်းလုပ်ရပ်အား ရပ်တန်းကမရပ်ပါက ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သေးသည်။
“ဘယ်အဖွဲ့ကပဲဖြစ်ဖြစ် အဲလိုယဥ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးလာရင်တော့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက် အရေးယူသွားမယ်”ဟု တနင်္သာရီတိုင်း ပကဖမှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် HBD က လူထုနွေဦးသို့ ပြောထားသည်။
မြေပြင်ကွင်းဆင်းစစ်ဆေးမှုများလုပ်ဆောင်နိုင် ရန် ပြင်ဆင်လျက်ရှိသည့် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ-ထားဝယ် ခရိုင် (DDMSC)အနေဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၌ မည်သည့်တော်လှန်ရေးအင်အားစုများပါဝင် မည်နှင့် မည်သည့် သုတေသနပညာရှင်၊ မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းများပါဝင်မည်ဆိုသည်ကို ထပ်မံအသိပေးသွားမည်ဟု ဆိုသည်။
ယခု မြို့ရိုးဖြိုချမှုဖြစ်စဥ်တွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသော ဗထူးတပ်မတော် (BHA)ကမူ စုံစမ်းစစ်ဆေးမှုတွင် ၎င်းတို့တပ်ဖွဲ့မှ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိပါက အပြစ်ပေးအရေးယူမှုကို လက်ခံသွားမည်ဖြစ်ပြီး အကယ်၍ ပါဝင်ပတ်သက်ခြင်းမရှိသည်ကို တွေ့ရှိရပါက ၎င်းတို့အပေါ် စွပ်စွဲထားသော အဖွဲ့အစည်းများမှ တာဝန်ယူရမည်ဟု ထုတ်ပြန်ထားသည်။
BHA တပ်ဖွဲ့ ထုတ်ပြန်ချက်နှင့်စပ်လျဥ်း၍ ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ-ထားဝယ်ခရိုင်(DDMSC)၏ သဘောထားအားမေးမြန်းရာ “သူတို့သာ ပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုရင် ကျနော်တို့အနေနဲ့ လူသိရှင်ကြားပြန်တောင်းပန်ပါမယ်။ တကယ်လို့ ပါဝင်ပတ် သက်နေရင်တော့ ပထမဆုံးအနေနဲ့ ပါဝင်ပတ် သက်နေတဲ့တပ်ဖွဲ့ဝင်တွေကို ဗထူးတပ်မတော်က ကိုယ်တိုင်အရေးယူရပါမယ်”ဟု လူထုနွေဦးသို့ ပြန်လည်ဖြေကြားသည်။
သာဂရမြို့ဟောင်းသည် လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာအနီးတည်ရှိပြီး ထားဝယ်လူမျိုးတို့၏ ယဥ်ကျေးမှုအမွေအနှစ် ရှေးမြို့ဟောင်းတစ်ခုဖြစ်ကာ ၂၀၁၂တွင် ယင်းမြို့ဟောင်းနေရာအား ယဥ်ကျေးမှုကာကွယ်ရေးဇုန်အဖြစ် သက်ဆိုင်ရာက သတ်မှတ်ခဲ့သည်။
