တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်၍ မြေလှန်စနစ်ကျင့်သုံးသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပြည်ခရိုင်အတွင်းရောက်လာပြီဖြစ်၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၈ရက်နေ့က ပြည်ခရိုင်၊ပေါက်ခေါင်းမြို့သို့ ရိက္ခာတင်ပို့သော စစ်ကောင်စီ ထောက်ပို့ကားကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြောင်း နောက်ဆက်တွဲ လက်စားချေမှုအဖြစ် တိုက်ပွဲဖြစ်ပွားခဲ့သော အနီးတစ်ဝိုက်မှ ကျေးရွာများကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ၁၉ ရက်နေ့တွင် စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့ကြောင်း ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက အသိပေးသည်။
“ရွာတရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ရင် ထိုရွာကို မီးရှို့တာ၊ ဗုံးကြဲတာ၊မြေလှန်ပစ်တာဟာဖက်ဆစ်တပ်ရဲ့လုပ်နေကြလုပ်ရပ်ပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကတည်းက တော်လှန်ရေးအားကောင်းတဲ့ ဒေသအများစုမှာ ဒီမြေလှန်စနစ်ကို သုံးလာခဲ့တာဟာ ယခုကာလဆိုရင် ပြည်ခရိုင်အတွင်းထဲကို ရောက်လာခဲ့ပါပြီ” ဟု သတိပေးထားသည်။

Public Service Announcement
ဒေသခံပြည်သူများအနေဖြင့် ရွာအနီးတိုက်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာကို ခေတ္တ ရှောင်တိမ်းပြီး စိတ်ချရသည့် အခြေအနေကိုရောက်မှနေရပ်ပြန်ကြရန်၊ ဗုံးခိုကျင်းများ တူးခြင်း (သို့မဟုတ်) သဲအိတ်များဖြင့် ဗုံးခိုရန်နေရာများ ပြုလုပ်ထားကြရန်၊မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကို ကိုင်တွယ်ခြင်း နေရာရွှေ့ပြောင်းခြင်းများ မပြုလုပ်ကြရန်၊မြို့ပေါ်ဒေသများမှ နေထိုင်သူများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြရန်နှင့် ဒေသတွင်း တတော်လှန်ရေးအင်အားစုများကိုဆက်သွယ်ထောက်ပံ့ခြင်း သတင်းပေးပို့ခြင်းများကို လုံခြုံရေး သတိဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း နှိုးဆော်ထားသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီလ၁၉ရက်နေ့က ပေါက်ခေါင်းမြို့အိုင်စောက်ရွာ၊ကြို့ပင်ရွာ၊မြောက်ကန်ကလေးရွာ၊ နတ္တလင်းရွာနှင့်သစ်ရောင်းပြန်ရွာ အနီးကို စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့သည်။အ်ိုင်ဇောက်ရွာမှအသက်၅၀ခန့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။
စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စားနပ်ရိက္ခာပစ္စည်းများ သယ်ဆောင်ခြင်း၊ဆိုင်ကယ်၊ကားတို့ကိုငှားရမ်းခြင်း၊ကုန်ပစ္စည်းများကိုတင်ဆောင်လိုက်ပို့ခြင်းများမပြုကြရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDFတပ်ရင်း) က ထုတ်ပြန်ထားသည်။
ပြည်ခရိုင်တွင် ပြည်၊ ပန်းတောင်း၊ ရွှေတောင်နှင့် ပေါက်ခေါင်းမြို့နယ်တို့ပါဝင်ပြီး လက်ရှိတွင် ပန်းတောင်းမြို့နယ်၌လည်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။ ပန်းတောင်းမြို့မှ စစ်လက်နက်ပစ္စည်းစက်ရုံ(ကပစ)အချို့အနီးရှိ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းအသုံးပြု၍ တိုက်ခိုက်နေကြောင်းသိရသည်။
