■အမတ ၃၆၆ ကိုလည်းပြန်လည်သိမ်းပိုက်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဗန်းမော်အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၂၃၆) ခြေလျင်တပ်ရင်း(ခလရ-၂၃၆)တပ်ရင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
KIA နှင့် ပူးပေါင်းတပ်သည် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) အပါအဝင် ဗန်းမော်ရှိ စစ်ကောင်စီ လက်ကျန်တပ်ရင်းများ၊ တပ်ရင်းဌာနချုပ်များ ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေရာ ဖေဖော်ဝါရီ ၁၈ရက်တွင် ခလရ (၂၃၆) နှင့် ယခင် သိမ်းပိုက်ထားပြီးဖြစ်သည့် အမတ(၃၆၆) တပ်ရင်းများကိုပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

Public Service Announcement
အမတ(၃၆၆)ကို ဖေဖော်ဝါရီ လဆန်းက သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏
စခက(၂၁)က တန်ပြန်ထိုးစစ်ဆင်၍တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာမှ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထပ်မံ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ စခ အကျအဆုံးများတယ်။ စကခ(၂၁)ကို ဆက်လက်ထိုးစစ်ဆင်နေတယ်။ အနားထိရောက်ပြီ”ဟုကချင်စစ်ရေးသတင်းရင်းမြစ် တဦးကခလရ(၂၃၆) တပ်ရင်း သိမ်းပိုက်နိုင်မှု နှင့် ဗန်းမော်တိုက်ပွဲ ယမန်နေ့ အခြေအနေကို ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းက ပြောပြသည်။
အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း”ပြောတော့ ပြောနေကြပါတယ်။ ဒါပေမဲ့ တိတိကျကျ သတင်းပေးပို့ချက်တော့ မရောက်သေးပါဘူး”ဟု ခလရ(၂၃၆) တပ်ရင်း သိမ်းပိုက်နိုင်မှု အခြေအနေ ကြားသိရမှုကို ပြောပြသည်။
KIA သတင်းရင်းမြစ်တစ်ဦးကလည်း “အဲဒီ ၂၃၆ကတော့ မနေ့က သိမ်းပြီးပြီ အဲဒါတော့ အတည်ပြုလို့ရတယ်” ဟု ယနေ့(ဖေဖော်ဝါရီ၁၉ ယ မနက်တွင် ပြောသည်။
ခလရ ၂၃၆ နှင့် အမတ ၃၆၆ ကို KIA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၇ ရက်ည သန်းခေါင်အကျော်တွင် ဂျက်ဖိုက်တာတိုက်လေယာဥ်နှင့် Y-12 လေယာဥ်များကိုအသုံးပြု၍ အကြိမ်ရေများစွာဗုံးကြဲခဲ့ကြောင်း စစ်ရေးရင်းမြစ်အချို့ကပြောသည်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း လူထုနွေဦးက ဆက်သွယ်ပြီး ဗန်းမော် စစ်ရေး အခြေအနေများ မေးမြန်းနေဆဲဖြစ်သည်။
KIA သည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ခုနှစ်ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ နှစ်လခွဲကျော်အတွင်း စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ(၂၃၆)၊ တင့်ကားတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ ဗန်းမော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များက ကြိုးစားနေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ရက်ညပိုင်းသတင်းဖော်ပြချက်၌ အသိပေးဖော်ပြသည်။
စစ်ကောင်စီကလည်းဗန်းမော်မြို့မကျရေးအတွက်တိုက်လေယာဉ်၊ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်း များအသုံးပြု ခုခံလျက်ရှိရာ ဗန်းမော်သာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် KIA ထိန်းချုပ်နယ်မြေများရှိ အရပ်သားပြည်သူများရှိရာသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
